၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂
ကိုဗစ်တတိယလှိုင်း အကြောင်းပြချက်နှင့် ပြည်ပမှ တင်သွင်းသည့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများ ဈေးနှုန်း မြင့်တက်မှု များကြောင့် တောင်သူများ သီးနှံစိုက်ပျိုးရန် အခက် အခဲများ ကြုံတွေ့နေရပြီး လာမည့်ရာသီတွင် စိုက်သူနည်းကာ ကုန်စိမ်း ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်သူ ကိုမင်းသူ (အမည်လွှဲ) က “ကိုဗစ်တတိယလှိုင်းပုံစံကို ပြောပြီးတော့ ပြည်ပကဝင်လာတဲ့ သွင်းအားစု စိုက်ပျိုးရေးသုံးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အပင်အားဆေးတွေ၊ ဒါတွေကလည်း ဈေးတွေ အဆမတန် တက် သွားတာတွေ ရှိတယ်။ ကျနော်တို့ အမြဲသုံးနေကျ ကွန်ပေါင်းဓာတ်မြေဩဇာတွေ၊ သဘာဝဓာတ်မြေဩဇာတွေကလည်း အရင် က ကျပ် ၃၅၀၀၀ (သုံးသောင်းခွဲ) ကနေ အခု ကျပ် ၆၅၀၀၀ (ခြောက်သောင်းခွဲ) ကျော်အထိ တက်သွားတဲ့ အခါကျတော့ တောင်သူတွေမှာက သီးနှံစိုက်ပျိုးဖို့ တော်တော်လေး ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ရှမ်းပြည်နယ် ဒေသတွင်းမှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီး၊ မုန်ညင်းထုပ်၊ ငရုတ်ပွ၊ ပဲအမျိုးမျိုး အစရှိသည့် ကုန်စိမ်းသီးနှံများ အနေနှင့် အောင်ပန်းကုန်စည်ဒိုင်သို့ သွားရောက် ရောင်းချရာတွင်လည်း ကားခပင် အဆင်မပြေသည့်အတွက် လမ်းတစ်ဝက်တွင် စွန့်ပစ်ခဲ့ရခြင်းနှင့် အပင်များတွင်ပင် အပုပ်ခံပြီး ဖျက်ဆီးလိုက်ရခြင်း များရှိကြောင်း သိရသည်။
ထို့နောက် တချို့ တောင်သူများကလည်း နောက်တစ်ရာသီ သီးနှံစိုက်ပျိုးရန် ပြင်ဆင်ရသည့်အတွက် စိုက်ခင်းများကို ထွန် ယက်ရခြင်းတို့ကြောင့် ဆုံးရှုံးမှုများ ရှိနေသည့်အပြင် သွင်းအားစု ဈေးနှုန်းများ မြင့်တက်မှုလာခြင်းကလည်း အခက်အခဲများ ပို၍ ဖြစ်လာသည့်အခြေအနေများကို လက်ရှိ ရင်ဆိုင်နေရကြောင်း ကိုမင်းသူ (အမည်လွှဲ)က ရှင်းပြသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ကုန်သွယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနန္ဒာက ခုကာလ အရေးပေါ် အခြေအနေ၊ လမ်းကြောင်း၏ အနေအထားများ၊ နယ်စပ်တစ်လျောက် ပိတ်ဆို့မှုများ စသည့် အကြောင်းအရာများကြောင့် လက်ရှိတွင် တင်သွင်းမှု အားနည်းမှုများနှင့် ကုန်ဈေးနှုန်း တက်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ကုန်သွယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနန္ဒာက “အဓိက အခြေခံအကြောင်းရင်းကတော့ ကိုဗစ်ဖြစ်တဲ့အတွက် တရုတ် နယ်စပ်ဆို တော်တော်များများက ပိတ်နေတယ်။ ကျနော်တို့က ပိတ်တာမဟုတ်ဘူး။ တရုတ်က ပိတ်တာ။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သွင်းကုန်တွေ ရပ်တန့်နေတာပေါ့ဗျာ။ တင်သွင်းချင်သော်လည်း တင်သွင်းလို့မရဘူး။ တင်သွင်းလို့မရတော့ ဈေးကွက်မှာ လိုအပ်သလောက် မရောက်ဘူးပေါ့။ နောက်ပြီးတော့ စပါးစိုက်ရာသီမှာ လိုအပ်တဲ့ ဓာတ်မြေသြဇာတွေ လိုအပ် သလောက် မရောက်တဲ့အတွက် ဈေးကွက်မှာ ရှားပါးမှုဖြစ်တဲ့အတွက် ဈေးနှုန်းကတော့ ဈေးတက်လာတဲ့သဘောပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
၎င်းက နိုင်ငံတော်အနေနှင့်လည်း တောက်လျောက်လုပ်ပေးနေသလို နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာများ ဖွင့်ရန်လည်း ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဆိုသည်။
အထက်ပါ အခြေအနေများကြောင့် သီးနှံများ ထပ်မံစိုက်ပျိုးရန် ခက်ခဲသွားနိုင်သည့်အတွက် လာမည့်လများတွင် အထက်၊ အောက် မြန်မာပြည်အနှံ့မှာရှိသည့် ကုန်စိမ်းသီးနှံဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်သွားနိုင်သော အလားအလာများ ရှိနေကြောင်း တောင်သူများက သုံးသပ်နေကြသည်။
အရင်းအနှီး နည်းပါးသွားသောကြောင့် လာမည့် တစ်ရာသီအတွက် စိုက်ပျိုးမည့် တောင်သူ ရှားပါးသွားနိုင်ကြောင်း၊ ထိုသို့ ဖြစ်ပါက ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းချဉ်သီး၊ မုန့်ညင်းထုပ်၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွ အစရှိသည့် သီးနှံများမှာ ဈေးတက် သွား နိုင်ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်းတွင် ထွက်ရှိသော ကုန်စိမ်းသီးနှံများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများသို့ အဓိက တင်ပို့နေရကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကုန်စိမ်းနှုန်း ကျဆင်းမှု အခြေအနေနှင့် ကိုဗစ် ကပ် ရောဂါကြောင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခွင့် ပိတ်သိမ်းထားကြောင်း၊ စားသောက်ဆိုင်များ ဆိုင် ထိုင်ရောင်းချ ခွင့် ပိတ်သိမ်းထားသည့် အကျိုးဆက်များကြောင့် တောင်သူများအနေနှင့် အခက်အခဲများ ပို၍ ရှိလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကုန်စိမ်းသီးနှံများတွင် အသုံးပြုသော သွင်းအားစုများအပြင် စပါးစိုက်ပျိုးရာ၌ အဓိကထား အသုံးပြုရသည့် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာမှာလည်း ယခင်နှစ် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ (သုံးသောင်းခွဲ) သာရှိခဲ့ရာမှ ယခုနှစ် တွင် ကျပ် ၅၀၀၀၀ (ငါးသောင်း) ကျော်အထိ ဈေးမြင့်တက်ခြင်းကလည်း တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် များ ပိုမိုကုန်ကျကာ အခက်အခဲများ ကြုံတွေ့လာရသည်ဟု တောင်သူလယ်သမားများထံက သိရသည်။