၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ ပင်လောင်း၊ ပင်းတယနှင့် ညောင်ရွှေမြို့နယ်များရှိ ကုန်စိမ်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဈေးမရ၍ အရှုံးပေါ်ပြီး စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရကြောင်း ဒေသခံ တောင်သူများထံက သိရသည်။

ဒေသခံတောင်သူ ကိုမင်းသူ (အမည်လွှဲ) က “ကျနော်တို့က အဓိကတော့ သီးနှံစိုက်ပျိုးတဲ့ ကလော၊ ပင်လောင်း၊ ပင်းတယနဲ့ ညောင်ရွှေမြို့နယ်တို့ပေါ့။ ဒီလေးမြို့နယ်က အဓိကပေါ့။ ဒီလေးမြို့နယ်က အောင်ပန်းကုန်စည်ဒိုင်မှာ ရောင်းကြရပါတယ်။ အစောပိုင်းကတော့ ကိုဗစ် တတိယလှိုင်းဆိုပြီးတော့ ကုန်စည်ဒိုင်ရော၊ ပွဲရုံတွေရော ပိတ်ထားတယ်။ နောက်တော့ တစ်ပတ်၊ နှစ်ပတ် ပိတ်ပြီးတော့ ပြန်ဖွင့်တယ်ပေါ့။ ပွဲရုံပိတ်သွားတုန်းကလည်း ဈေးကျတယ်။ ပြန်ဖွင့်တော့ ဈေးနှုန်းတွေက ဒီအတိုင်းပဲ။ ခရမ်းချဉ်သီးဈေးက ၅၀ နဲ့ ၁၀၀ ကြားကနေ တက်မလာနိုင်တော့ဘူး ဖြစ်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ပြောချင်တာက ဈေးတက်စေချင်လို့ ပြောတာ မဟုတ်ပါဘူး။ ဈေး အသင့်အတင့်လေး ရှိစေချင်တယ်တဲ့ သဘော ပြောတာပါ။
အခု ဒီဒေသမှာ ထွက်တဲ့ သီးနှံတွေက ဈေးက ဘယ်လိုမှကို အဆင်မပြေတဲ့ အနေ အထား ဖြစ်နေတယ်။ ကုန်စိမ်းသီးနှံတွေက အရမ်းကြီးကို ပေါပြီး ထိုးကျနေတော့ ဆိုးဝါးတဲ့ အခက်အခဲတစ်ခုကို တောင်သူ တွေ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှ စတင်ကာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့်၊ မုန်ညင်းထုပ် ၁ တစ်ပိဿာလျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ သာရရှိသည့် တောင်သူများရှိသလို ဈေးလုံးဝ မရတော့သဖြင့် စွန့်ပစ်လိုက်ရသည့် တောင်သူက ၆၅ ရာခိုင်နှုန်း ခန့် ရှိကြောင်း သိရသည်။

လောလောဆယ်တွင် ပင်းတယမှ အောင်ပန်းသို့ လာသည့် ကားလမ်းတစ်လျှောက် အပြင် အောင်ပန်းမှ ကလောသို့ လာသော ကားလမ်းတစ်လျှောက်နှင့် ညောင်ရွှေဘက်ရှိ ကားလမ်းတစ်လျှောက်တွင် စွန့်ပစ်ထားသည့် သီးနှံများ အလွန်များပြား နေ သည်ကို တွေ့နိုင်ကြောင်း ကိုမင်းသူက ပြောသည်။

အောင်ပန်း ကုန်စည်ဒိုင်သို့ သွားရောင်းသည့်အခါ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၀၀ (ပိဿာ ၃၀ ပါသည့် အိတ် တစ်အိတ် လျှင် ၃၀၀၀ ကျပ်) ရရှိကြောင်း၊ ပွဲစားခ၊ ကားခ၊ အလုပ်သမားခများ နှုတ်လိုက်ပါက တောင်သူအတွက် ကျပ် ၇၀၀ ဝန်းကျင် သာ ကျန်ရှိကြောင်း၊ထို့ကြောင့် လုပ်အားခ မကာမိသဖြင့် စွန့်ပစ်လိုက်ရသည့် အခြေအနေများ ရှိကြောင်း သိရသည်။

တောင်သူများထံတွင် ဈေးနှုန်း လျော့ကျနေသော်လည်း မြို့ကြီးများ၏ တချို့ နေရာများတွင် ခရမ်းချဉ်သီး ၁ ပိဿာ ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ အထိပေးပြီး ဝယ်စားနေရသည့် နေရာများရှိကြောင်း၊ ထို့ကြောင့် တောင်သူနှင့် စားသုံးသူကြားရှိ ကြားခံ ဈေးကွက် အခြေအနေကို သက်ဆိုင်ရာ တာ၀န်ရှိများအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။

လက်ရှိတွင် ကြားခံနေသည့် ဈေးကွက် အခြေအနေကို မဖြေရှင်းပေးနိုင်ဘဲ ယခုအတိုင်း ရှေ့ဆက်သွားမည်ဆိုလျှင် တောင်သူ များ၏ စိုက်ပျိုး ထုတ်လုပ်မှုလည်း ကျဆင်းသွားနိုင်ကြောင်း၊ ဈေးကွက်တွင်လည်း ကုန်စိမ်းသီးနှံများ ရှားပါးသွားနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း တောင်သူများက ပြောသည်။