CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၁
တရားမဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစာရင်းကို ထုတ်ပြန်ကြေညာခြင်းနှင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများအား ချွင်းချက်မရှိ ရပ်ဆိုင်းထားရန် အထူးသတိပေး တားမြစ်ခြင်းအရ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ ရပ်ဆိုင်းထားရန် NUG အစိုးရက ဩဂုတ်လ ၃၀ ရက်က သတိပေးထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ချွင်းချက် မရှိ ရပ်ဆိုင်းထားကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့်အပ် တာဝန်ပေးအပ်သော ခေတ္တပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် NUG မှ ချမှတ်ကျင့်သုံးလျက်ရှိသော မူဝါဒတိုင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်၏ အနှစ်သာရကို ထင်ဟပ်စေမည့် မူဝါဒမျိုးကိုသာ အခြေပြု ရေးဆွဲလျက်ရှိပြီး အဆိုပါ မူဝါဒများထဲတွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒ သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
သို့ဖြစ်၍ လက်ရှိ နစက၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရယူ၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားပိုင် S Gemological Institute ကုမ္ပဏီမှ ဆောင်ရွက်မည့် ကျောက်မျက် သုတေသနနှင့် ဓာတ်ခွဲလုပ်ငန်း၊ N Motors ကုမ္ပဏီမှ ဆောင်ရွက်မည့် မော်တော်ယာဉ် အမျိုးမျိုး တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ Petro And Trans ကုမ္ပဏီမှ ဆောင်ရွက်မည့် IPP (Boo) စနစ်ဖြင့် ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့ ပါဝင်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ကန်ပိုင်တီ စီးပွားရေးနယ်မြေ ဖော်ထုတ်၍ မြေငှားရမ်းခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ဖန်ပုလင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် LNG သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများဖြစ်ပြီး ယင်းတို့၏ ရင်းနှီး မြှုပ်နှံမှုများအား ချွင်းချက်မရှိရပ်ဆိုင်းထားရန် ကြေညာချက်မှာဆိုထားသည်။
အဆိုပါ တားမြစ်ချက်အား လိုက်နာခြင်းမရှိသည့် ကုမ္ပဏီများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
အထက်ပါ ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင် ဦးမြင့်မောင် (အမည်လွှဲ) က “ကျနော်တို့ကတော့ NUG ရဲ့ နိုင်ငံရေးအရ စီးပွားရေးအပေါ် ဘယ်လိုမျိုး သဘောထားတယ် မသိဘူး။ မြင်တာကတော့ လက်ရှိမှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို တားတယ်ပြုတယ်ဆိုတာကတော့ သူတို့လုပ်သင့်တယ်ထင်လို့ လုပ်တာပေါ့လေ။ လောလောဆယ်ပြောရမယ်ဆိုရင် ဒီနေ့ ဖြစ်နေတဲ့ နိုင်ငံရေးတစ်ခုလုံးက စီးပွားရေးအပေါ် ဘယ်လိုမှ အားရစရာမမြင်ဘူး” ဟု CNI သတင်းဌာနသို့ သုံးသပ်ပြောကြားသည်။