၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၀

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း တည်ဆောက်နေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၁၀၀၀ အထိ ထားနိုင်သော ပိုးတွေ့လူနာကုသရေးစင်တာ ပြီးစီးမည့် စက်တင်ဘာအတွင်း၌ နယ်စပ်ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ပေးရန် ရှိနေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ကို တရုတ်အာဏာပိုင်များမှ ပိတ်ထားခဲ့ရာ လက်ရှိတွင် နှစ်လနီးပါးခန့် ကြာမြင့်နေပြီသည်။

တရုတ်အာဏာပိုင်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုတင် ၁၀၀၀ ဆန့် ကိုဗစ်စင်တာ ဖွင့်ပေးရန်နှင့် ၁၀၅ မိုင်သို့ မရောက်ခင်တွင် ဂိတ်တစ်ခုဖွင့်ပေးပြီး ကုန်ကားမောင်းသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရန်၊ အကယ်၍ ပိုးတွေ့ပါက ကိုဗစ်စင်တာတွင် ရောဂါ ကုသပေးရန် စသဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မူဆယ်ဆန်ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ပိုးမတွေ့ဘူးဆိုရင် ကားဆရာတွေကို ၁၀၅ မိုင်အထိ မောင်းနှင် ခွင့်ပြုမယ်။ ပြီးရင် ၁၀၅ မိုင်ကနေ ကျင်စန်းကျော့ ကားနားတဲ့ ကြားစခန်း အဲဒီကမှ ကုန်ချမယ်၊ တရုတ်က ကုန်ကားတွေက လာသယ် မယ်။ အဲဒီတော့ မြန်မာပြည်က ကုန်ကားတော့ တရုတ်ကို ဝင်စရာမရှိတော့ဘူး။ တရုတ်က ကုန်ကားတွေကပဲ သူတို့ပစ္စည်း တွေ လာသယ်မယ်။ အဲလိုတော့ စီစဉ်ထားတယ်။ စင်တာအတွက် တရုတ်က ဆေးဝါးပစ္စည်းတွေ ကူညီတယ်။ ဒီအတွက် စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်ခင် အပြီးလုပ်ပေးပါတဲ့။ ဒါကြောင့် ၁၅ ရက်နေ့ မတိုင်မီတော့ ကိုဗစ်စင်တာကြီးက ပြီးသွား မယ်။ ကိုဗစ်စင်တာကြီးပြီးသွားရင် နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်း ဆွေးနွေးပြီးတော့ ကျင်စန်းကျော့ဂိတ်ကိုတော့ အရင်ဖွင့် မယ်လို့တော့ သတင်းရထားပါတယ်” ဟု CNI သို့ အတည်ပြု ပြောသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသဖြင့် မူဆယ်မြို့ရှိ ဂိုဒေါင်များတွင် ပဲမျိုးစုံ၊ ဆန်နှင့် ဆန်ကွဲများ ပိတ်နေမှုများ ရှိသဖြင့် ၎င်းပစ္စည်းများကို လမ်းကြောင်း တစ်ခုအနေနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် မျှမျှတတ ထွက်ခွင့်ပြုရန် စီစဉ်ထားသည်ကို သိရှိရကြောင်း ၎င်းက ပြောသည်။
ကြက်သွန်ကုန်သည် ကိုမြင့်လွင်က “သူ့တို့ဘက်ကတော့ ၁၀ ရက်နေ့ကို ဖွင့်မယ်လို့ သတင်းရတယ်။ ကျနော်တို့က တော် တော် ကြာမှာဆိုတော့ ပြန်သွင်းရတာဖြစ်တဲ့အတွက် ကြက်သွန်တွေ ပိတ်မိတာတော့ မရှိတော့ဘူးဗျ။ ဟိုဘက်မှာတော့ မကျန်သလောက်တော့ ရှိနေပြီ။ ကျန်တာက ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ အခြား မပုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကတော့ ကျန်သေး တယ်” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်မည်ဆိုသော်လည်း ယခင်ကဲ့သို့ ကုန်ကားများကို ယာဉ်မောင်းလဲလှယ်သည့် စနစ်နှင့် သာ ခွင့်ပြုပေးမည်ဖြစ်သောကြောင့် ကုန်ကားပိတ်မှုကလည်း ရှိနေအုံးမည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နယ်စပ်ကုန်သွယ်ရေး ပိတ်ချိန်တွင်လည်း ကုန်ကားအစီးရေ ၃၀၀၀ (သုံးထောင်)ကျော်၊ ၄၀၀၀(လေးထောင်) အထိ ပိတ်ခဲ့ပြီး ဆန်နှင့် ဆန်ကွဲ ကုန်ကားများ ပြီးလျှင် ကြက်သွန်နီတင်ပို့သည့် ကုန်ကားများက အများဆုံးပိတ်မိခဲ့ကြောင်း သိရ သည်။