CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၀
ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် အမှတ် ၁ ရပ်ကွက်၊ သမိုင်းမြို့ဟောင်း ၈ လမ်းရှိ ကမ္ဘာ့ရတနာ ဘဏ် ယနေ့ (ဩဂုတ်လ ၃၀ ရက်) နံနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့ရတနာဘဏ် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွှန့်က မရမ်းကုန်းဘဏ်ခွဲ ဓားပြတိုက်ခံရသည်နှင့် ပတ်သက်ပြီး “ကြားတော့ကြားတယ်။ အခုတော့ စိစစ်နေဆဲ”ဟု CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။
ကမ္ဘာ့ရတနာဘဏ်၊ မရမ်းကုန်း ဘဏ်ခွဲအတွင်းသို့ အမည်မသိ လက်နက်ကိုင်ဆောင်သူ ၄ ဦး ဝင်ရောက်ပြီး ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်ရှိငွေအချို့ ကို ယူဆောင်သွားကြောင်း သိရသည်။ယူဆောင် သွားသည့် ငွေပမာဏာမှာ ဘယ်လောက်ဆိုသည်ကို အတိအကျ မသိရသေးသော်လည်း တခြားသော သတင်းများအရ သိန်း ၁၀၀၀ ဟုဆိုကြသည်။
ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း နှာခေါင်းစည်း တပ်ဆင်ထားသည့် အမည်မသိ လူ ၃ ဦး မှ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ သည်။
အဆိုပါ ဘဏ်သည် အစိုးရပိုင် ဘဏ်တစ်ခုဖြစ်ပြီး ဘဏ်ခွဲပေါင်း ၁၈၈ ခု ဖွင့်လှစ်ထားပြီး ယခု တစ်ကြိမ်ဓားပြတိုက်ခံရသည့် ဘဏ်ခွဲသည် အမှတ်စဉ် ၄ ဖြစ်သည်။