၂၀၂၁ခုနှစ်၊ သြဂုတ် ၃၀ရက်
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ပလပ်စတစ်ခွက်များ အသုံးပြု၍ ရောင်းချရန် ညွှန်ကြားထားခြင်းမျိုး မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “အဲဒီလို Guide line တော့မရှိပါဘူး။ ဘာလို့ဆို စားသောက်ဆိုင်တွေကတော့ ခု ဒီကိုဗစ်ကာလကတော့ ကျနော်တို့က ပါဆယ်စနစ်နဲ့ ရောင်းဖို့ပဲ ညွှန်ကြားထားတာရှိပါတယ်။ ဒီကြားထဲမှာ Guide line ပြောင်းသွားတာမျိုး မရှိပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တို့တွင် ပလပ်စတစ်ခွက်များ အသုံးပြု၍ ရောင်းချနေခြင်းသည် ၎င်းတို့ဆိုင် ရောင်းရရန်အတွက်သာ လုပ်နေကြသည်ဟု မြင်ကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ဆိုသည်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက “သူတို့ရောင်းရဖို့အတွက်ကို သူတို့ လုပ် နေကြတယ်လို့ပဲမြင်တယ်။ ကျနော်တို့ အသင်းအနေနဲ့က ဘာမှတော့ လုပ်လို့မရဘူး။ သူတို့တွေ စည်းကမ်းကို တစ်ခုပြီးတစ်ခု ချိုးဖောက်နေတယ်လို့ပဲ ကျနော်တို့မြင်တယ်။ Dine in မရောင်းရပါဘူးဆိုတာတောင် Dine in ရောင်းနေတော့ ဒီပလပ်စတစ်နဲ့ရောင်းချတာမှာလည်း ကျနော်တို့အနေနဲ့ ဒီပလပ်စတစ်တွေ၊ ဖော့ဘူးတွေ၊ တချို့ ဟာတွေက ဒီအပူတွေ ထည့်တယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်တယ်ဆိုတာ တော်တော်များများလည်း သိကြ တယ်”ဟု ပြောသည်။
စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ဆိုင်ထိုင်ရောင်းချမှုများရှိနေကာ စားသောက်ဖွယ်ရာများအား ပလပ်စတစ်ခွက်များ အသုံးပြု၍ ရောင်းချနေသည်များအား တွေ့လာရသည်။
ပလပ်စတစ်ခွက်၊ ပလပ်စတစ်အိတ်တို့ဖြင့် ထည့်ထားသည့် အစားအသောက် အပူများအား စားပါက ကင်ဆာ ရောဂါ၊ ဟော်မုန်းပြောင်းလဲခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးတို့ကို အဓိက ဆိုးကျိုးဖြစ်စေကြောင်းနှင့် ပြန်လည် အသုံးပြုပါကလည်း ကျန်းမာရေးထိခိုက်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် သန့်မြန်မာမှ သိရသည်။
ပလပ်စတစ်ခွက်များ၊ အိတ်များအား တစ်ခါသုံးပြီး လွှင့်ပစ်ပါကလည်း ထိုအရာသည် နှစ်ပေါင်းများစွာ ကြာသည်အထိ မပျက်စီးသောကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အရမ်းကို အန္တရာယ်များကြောင်း သိရသည်။
သန့်မြန်မာမှ Awareness Coordinator မသဲစုအေးက “ခုကာလက ကိုဗစ်ကာလဖြစ်တယ်။ ဒီကာလက အထိ အတွေ့တွေကနေလည်း ကူးနိုင်တယ်ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် ဈေးဝယ်တဲ့သူတွေအနေနဲ့ ကိုယ်ပိုင်ချိုင့်၊ ကိုယ်ပိုင် ဘူးတွေနဲ့ ဝယ်တာကလျှင်သာ တကယ့်အကောင်းဆုံး option လို့တော့ အကြံပေးချင်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ဆိုင်ထိုင်ရောင်းချနေခြင်းများသည် တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသည့်အတွက် လက်ရှိ ရောင်း ချနေသည်များမှာ တရားမဝင် ရောင်းချနေခြင်းများဖြစ်ပြီး ထိုဆိုင်များအား အရေးယူရန်မှာ သက်ဆိုင်ရာ လူကြီး များ၏ တာဝန်ဖြစ်ကြောင်း ဆိုကြသည်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက“ကျနော်ထင်တယ် ဒီပလပ်စတစ်နဲ့ သူတို့ ရောင်းတာက ဝတ်နည်းလွတ်လို့ ကျနော်နားလည်တယ်။ ဘာကြောင့်လဲဆိုတော့ မေးရင်လည်း သူတို့က ပါဆယ် ပဲ ရောင်းတယ်။ တကယ့်ခွက်တွေ ပန်းကန်တွေနဲ့ရောင်းရင် ဆိုင်မှာထိုင်စားလို့ ရောင်းတယ်ဆိုတဲ့ဟာမျိုး ဖြစ်မှာ စိုးလို့ သူတို့က ပါဆယ်ခွက်နဲ့ ရောင်းပါတယ်ဆိုပြီးတော့ ပလပ်စတစ်ဘူးတွေနဲ့ပဲ ပေးပြီးတော့မှပဲ ဆိုင်မှာ ထိုင် စားတာကို လက်ခံထားတဲ့ သဘောရှိတယ် ကြည့်ရတာလေ” ဟု ဆိုသည်။