၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉
ယခုလမှ စတင်ပြီး ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်များအနေနှင့် ယာဉ်စီးခများ ပိုမိုတောင်းခံမှု မရှိစေရေးအတွက် ယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများထံသို့ စာပို့ အကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ဘယ်လိုထုတ်ထားလည်း ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ လျက်ရှိသော YBS ခရီးသည်ယာဉ်များသည် ရုံးပိတ်ရက်ရှည်များတွင် ပြေးဆွဲရသည့် ခရီးသွားပြည်သူလူထုထံမှ ပုံမှန်ယာဉ်စီးခ ၂၀၀ ကျပ်အစား ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ် အထိ တောင်းခံနေကြောင်း၊ ယာဉ်များပေါ်တွင် စပါယ်ယာများ လိုက်ပါပြီး မချေမငံ ရိုင်းပြစွာ ဆက်ဆံလျက်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများ ရှိပါတယ်။ ဒါကြောင့် YBS ယာဉ်လိုင်း ကုမ္ပဏီများနဲ့ ပုဂ္ဂလိကကြီးကြပ် ယာဉ်လိုင်းတာဝန်ခံများ အနေနဲ့ ယာဉ်စီးခ ပိုမိုကောက်ခံမှု မရှိစေရေး၊ တာဝန်ရှိသူ အဆင့်ဆင့်မှ အထူးသတိပြု ကြပ်မတ်ဆောင်ရွက်သွားရန် ဆိုပြီးတော့ စာနဲ့ ညွှန်ကြားချက်လည်း ထုတ်ထားပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုင်ကြားမှုများမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ ဆိုလျှင် အမှုပေါင်း ၂၀၀ ကျော်အထိရှိပြီး YRTC အနေနှင့် အမှုပေါင်း ၁၀၀ ကျော်ကိုဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။
Photo - CNI
ဆက်လက်၍ ၎င်းက “တိုင်ကြားမှုဟာတွေတော့ ယာဉ်စီးခ ပိုကောက်တာတွေကိုတော့ ယာဉ်မောင်းကို ရက်သတ္တပတ် ၂ ပတ်ပိတ်တာတို့ တစ်လ ပိတ်တာတို့ တစ်ခါတစ်လေဆိုရင် နှစ်လ အထိ ပိတ်တာတို့ လုပ်တယ်။ ဒဏ်ကြေးအနေနဲ့လည်း ကျပ် ၃ သောင်းကောက်တာတွေ ရှိပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်ဘတ်စ်ကား (YBS) များအနေနှင့် ယာဉ်ပေါ်တွင် စပါယ်ယာများ ပါရှိလာသည့် အပြင် ယာဉ်စီးခပိုမို တောင်းခံခြင်း၊ တစ်စီးနှင့် တစ်စီး အချိန်သတ်မှတ်ပြီး လိုအပ်သလို မောင်းနှင့်ခြင်း၊ ယာဉ်စည်းကမ်းများ လိုက်နာမှု မရှိဖြစ်သည်ကို တွေ့ရှိရကြောင်း ခရီးသည်များ ထံက သိရသည်။
လိူင်သာယာမြို့နယ်တွင် နေထိုင်သူ ခရီးသွားတစ်ဦးက “ အရင် က ဒီကနေ မြို့ထဲအထိ ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ ပဲ ပေးရတယ်။ အခုက ကျပ် ၅၀၀ တောင်းတဲ့ ကားတွေလည်း ရှိတယ်။ သမိုင်းအထိက ဘယ်လောက်၊ အဲဒီကိုကျော်ရင် ဘယ်လောက် ဆိုပြီး တောင်းတာ။ စပါယ်ကလည်း တစ်ချို့ကားတွေဆိုရင် နှစ်ယောက်လောက်ပါတယ်။ မီးပွိုင့်ဆိုလည်း ကြုံသလို ဖြတ်မောင်းကြတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်ဖွဲ့စည်းခဲ့သည့်ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အဖြစ် နစက က ပြီးခဲ့သည့် မေလက ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။