CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၉ 

နစကနှင့် NUG တို့အကြား နိုင်ငံတကာ သံတမန်ရေးရာတွင် အားပြိုင်နေစဉ်မှာ UNOCHA ၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths ဦးဆောင်သောအဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်း ကြောင့် သံတမန်ရေးရာ အပြောင်းအလဲ မည်သို့ဖြစ်လာမလဲ နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က နစကဥက္ကဋ္ဌနှင့် UNOCHA ၏ အကြီးအကဲဖြစ်သူတို့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်ပြဿနာများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။

UNOCHA အနေဖြင့် မြန်မာပြည်တွင်းက သဘာဝဘေးနှင့် တိုက်ပွဲရှောင်များကို ကူညီနိုင်ရေး လာရောက်ခြင်း ဖြစ်နိုင်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာန သို့ ပြောသည်။

 ၂၀၂၃ ခုနှစ်၊ ဩဂုတ်  ၁၅ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UNOCHA အကြီးအကဲ Mr. Martin Griffiths တွေ့ဆုံစဉ်

၎င်းက “အဓိကတော့ မြေပြင်မှာ စိုးမိုးမှုရှိတဲ့ အဲဒီဒေသ အခက်အခဲရှိတဲ့ နေရာမှာ စိုးမိုးနိုင်တဲ့ အစိုးရနဲ့ UN က သွားမှာပဲလေ၊ ဒါက NUG စိုးမိုးတဲ့ ဒေသမှာ ဖြစ်ရင်လည်း ဟိုမှာ သွားမှာပဲ။ အဲဒီတော့ အခုက နစက အုပ်ချုပ်စိုးမိုး တဲ့ နေရာဒေသဖြစ်လို့ ဒါဒီဘက်ကို သူလာတာပဲလေ။ အဓိကတော့ လေဘေးဒုက္ခသည်တွေ၊ နောက်ကျန် ဒုက္ခ သည်တွေ အားလုံးအတွက် သူတို့ နိုင်ငံရေးမပါဘဲနဲ့ သူတို့ကတော့ အကူအညီ သီးသန့်လာတာပေါ့၊ ဒီကြားထဲမှာ တော့ NUG နဲ့ နစကကတော့ သူ့ကို အသိအမှတ်ပြုတယ်၊ မပြုဘူးဆိုတဲ့ဟာတော့ သူတို့နဲ့ သူတို့က နိုင်ငံရေးအရ ပြောကြတာတော့ ရှိမှာပဲလေ။ UN က လာတာတော့ သူ့အနေနဲ့ ကူညီဖို့ သက်သက်လာတာပဲလို့ ကျနော်တို့က အဲဒီလို သုံးသပ်ပါတယ်” ဟု ပြောသည်။

မြန်မာ့နိုင်ငံ‌ရေး အခြေအနေများ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း မဲမသာမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာယူရကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လျှောက်နိုင်ရေး ဆောင်ရွက်နေကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်  ၁၅ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UNOCHA အကြီးအကဲ Mr. Martin Griffiths တွေ့ဆုံစဉ် 

ထို့အတူ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်း ဖြစ်ပွားချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ‌ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း ဒုက္ခသည် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ထို့ကြောင့် အကူအညီပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၎င်းက “အခုဆိုလို့ရှိရင် ဗမာပြည်မှာ ဒုက္ခသည်ပေါင်းက တရားဝင် ကိန်းဂဏန်းအရ ၃ သန်းကျော်ရှိပြီ၊ အဲဒီတော့ အဲဒီလူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂဖက်ကလည်း တောင်းဆိုနေတယ်၊ သူတို့ဖက်က ကုလ သမဂ္ဂ အကူအညီတွေ ပေးဖို့ရှိတဲ့ အစီအစဉ်တွေကို စစ်ကောင်စီက ခွင့်မပြုတဲ့အတွက် ကုလသမဂ္ဂ အကူအညီပေး ရေး လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်နေတယ်၊ ဒါဟာ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်နေတဲ့ စစ်ခေါင်းဆောင် အနေနဲ့ ပြည်သူတွေအပေါ်မှာ ဘယ်လောက်အထိ ညှာတာထောက်ထားမှု ကင်းမဲ့တယ်၊ လူစိတ်ကင်းမဲ့တယ်ဆို တာ ဖော်ပြနေတာ ဖြစ်တယ်၊ ဒါကြောင့်လည်း ဒီနေ့အထိ မိုခါမုန်တိုင်းဒဏ်သင့်နေတဲ့ ရခိုင်ဟာ ဒီနေ့အထိ နလန် မထူနိုင်သေးတဲ့ အနေအထားပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်မှုများကို အကူအညီ ပေးနိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့အထိ နောက်ဆုံး ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ကြောင်း၊ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာရယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများဖြစ်ကြောင်း ဖော်ပြထားသည်။