CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈

ကယား (ကရင်နီ) ပြည်နယ်အတွင်း ဖြစ်ပွားလာသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ ဟောင်ဝစ်ဇာ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုများ ရှိလာကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ပွဲတစ်ခု ဖြစ်ပေါ်လာပါက အင်အားအလွန်အကျွံသုံးစွဲမှုကို ကန့်သတ်မထားကြောင်း၊ လက်ရှိတိုက်ပွဲများမှာ ယခင်တိုက်ပွဲများနှင့် မတူတော့ဘဲ နည်းပညာများ တိုးတက်လာကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင် ရန်သူဘယ်လောက်ပဲရှိရင် ဘာနဲ့ပဲ ပစ်ရမယ်ဆိုတာမျိုးက ကန့်သတ်ချက် မရှိပါဘူး။ စစ်မှာ မရှိဘူး။ ရှိတာက ရာဇဝတ်မှု နှိမ်နင်းရေးတွေ မြို့ပြငြိမ်ဝပ်ပိပြားမှု ဘယ်လိုပြောမလဲ စစ်မက် မဟုတ်သော Police duty ပေါ့၊ တာဝန်များမှာ ဆိုရင်တော့ ရဲနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာတော့ အင်အား အလွန်အကျွံသုံးစွဲမှုက အပြစ်ဖြစ်ပေမယ့် စစ်တပ်နဲ့ပတ်သက်လို့ကတော့ ဘာမှ ကန့်သတ်မထားတဲ့အပြင် ကေသရာဇာခြင်္သေ့မင်းတို့ ထုံးနှလုံးမူပြီးတော့ သူက ရန်သူတစ်ယောက်ကို အမြောက်နဲ့ ပစ်လို့ရရင်လည်း ပစ်ရမှာပဲလို့ ကမ္ဘာပေါ်မှာ အဲဒီလိုပဲ ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ဒါကို ကျနော်တို့က ဘာမှ ကျနော်တို့က ပြောစရာတော့ မရှိပါဘူး” ဟု ပြောသည်။

 မြန်မာ့တပ်မတော်မှ ဟောင်ဝစ်ဇာ အမြောက်ကိုတွေ့ရစဉ်

လက်ရှိ မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုပုံစံမှာ လူအင်အားထက် လက်နက်အင်အားကို ပိုမိုကျင့်သုံးလာကြောင်း ၎င်းက ပြောသည်။

ကယားပြည်နယ် တိုက်ပွဲများအတွင်း မြန်မာ့တပ်မ‌တော်မှ ဟောင်ဝစ်ဇာသုံး တိုက်ခိုက်မှုနှင့် ပတ်သက်၍  CNI  သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို မြန်မာ့တပ်မတော်မှ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့ ဆက်လက် အုပ်ချုပ်နိုင်ရေးအတွက် အစွမ်းကုန်တိုက်ခိုက်နေမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်မှ ဟောင်ဝစ်ဇာ အမြောက်ကိုတွေ့ရစဉ်

၎င်းက “သူတို့ကတော့ အစွမ်းကုန် ရက်စက်မှာပဲလေ၊ ဘာလို့လဲဆို သူတို့က တစ်သက်လုံး အုပ်ချုပ်ချင်တာကိုး၊ အဲဒါပါပဲ တစ်ခြားတော့ မဟုတ်ပါဘူး။ တစ်သက်လုံး အုပ်ချုပ်ချင်တယ်။ အုပ်ချုပ်ချင်တဲ့ အခါကြတော့ ဘယ်သူနဲ့မှ မညှိနှိုင်းချင်ဘူး။ ညှိနှိုင်းလည်းပဲ အပေါ်စီးနဲ့ပဲ ညှိနှိုင်းမှာ ပေးသမျှယူ ကျွေးတာစားပေါ့၊ ဘယ်သူက နေနိုင်မှာလဲ။ အဲဒီအထဲမှာ တော်လှန်ပုန်ကန်တဲ့အခါကြတော့ ခုခံတဲ့အခါကြတော့ အရက်စက်ဆုံး လုပ်တာပေါ့ဗျာ၊ စစ်ကိုင်း၊ မကွေးမှာဆိုရင် အိမ်ခြေပေါင်း ၈ သောင်းကျော်သွားပြီ။ မီးနဲ့ရှို့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ အကုန်ပျက် ချင်းလည်း အဲဒီအတိုင်းပဲ၊ ကရင်လည်း ဒီအတိုင်းပဲ၊ ကချင်လည်း ဒီအတိုင်းပဲ ကယားကတော့ အဆိုးဆုံးထဲမှာ ပါတယ်” ဟု ပြောသည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လတာအတွင်း ကယား (ကရင်နီ) ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ်၊ အဆောက်အအုံပေါင်း ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။