CNI International News

နီယာမေ၊ သြဂုတ် ၂၁

နိုက်ဂျာအာဏာသိမ်း ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမာနီ တီယာနီ (Abdourahmane Tiani) သည် အနောက်အာဖရိကနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ၃ နှစ်ကြာ အာဏာ လွှဲပြောင်းရေးကာလကို ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် နိုက်ဂျာကို တိုက်ခိုက်မည့် အစီအစဉ်သည် လွယ်ကူလိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက သတိပေးခဲ့ သည်။

သြဂုတ် ၁၈ ရက်က နိုင်ငံပိုင်ရုပ်သံမှ မိန့်ခွန်းပြောခဲ့ရာတွင် တီယာနီက အာဏာလွှဲပြောင်းရေးနှင့်ပတ်သက်ပြီး အသေးစိတ် ပြောဆိုခဲ့ခြင်းမရှိဘဲ ရက် ၃၀ ကြာ ဆွေးနွေးရေး ကာလအတွင်း အာဏာလွှဲပြောင်းရေးအတွက် မူဘောင်များကို ရေးဆွဲသွားမည်ဟု ပြောသည်။

"အမိမြေ ကာကွယ်ရေး အမျိုးသား ကောင်စီ (National Council for the Safeguard of the Homeland) က ရော၊ နိုက်ဂျာပြည်သူတွေကပါ စစ်ပွဲကို မလိုလားပါဘူး။ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ပေးထားပါတယ်"ဟု တီယာနီက နီယာမေမြို့တော်တွင် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) မှ ကိုယ်စားလှယ် များနှင့် ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

 ECOWAS ခေါင်းဆောင်များကို တွေ့ရစဉ်

"ဒါပေမယ့် ရှင်းအောင်ပြောရမယ်ဆိုရင် ကျနော်တို့ကို ဆန့်ကျင်တဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို အချို့လူတွေ တွေးထင်ထားသလို လွယ်ကူမှာတော့ မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ECOWAS သည် နိုက်ဂျာအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး နိုက်ဂျာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ထိန်းသိမ်းရန် စစ်ပွဲအတွက် အသင့်ပြင်ထားသည့် တပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကို ကြေညာခဲ့သည်။

နိုက်ဂျာကို စစ်ရေးအရ ဝင်ရောက်မည့် နေ့ရက်အတိအကျကို သဘောတူညီမှု ရရှိထားပြီဟုလည်း ECOWAS က ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံက နိုက်ဂျာစစ်ဆင်ရေးတွင် စစ်သားများကို စေလွှတ်ရန် သဘောတူခဲ့ သည်ဟု ဆိုသည်။

နိုင်ငံပိုင်ရုပ်သံမှ ပြောကြားခဲ့သည့် ၁၂ မိနစ်ကြာမြင့်သည့် မိန့်ခွန်းတွင် တီယာနီက ECOWAS သည် ပြည်ပ စစ်တပ် တစ်ခုနှင့် ပူးပေါင်းပြီး ကျူးကျော်ဝင်ရောက်ရေး တပ်ဖွဲ့ကိုဖွဲ့စည်းကာ နိုက်ဂျာကို တိုက်ခိုက်ရန် အသင့်ပြင်နေ ကြောင်း ပြောကြားခဲ့သည်။ 

အာဏာသိမ်းမှုကို နိုက်ဂျာပြည်သူတွေ ထောက်ခံနေစဉ်

"ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အာဏာကို ဆုပ်ကိုင်ထားဖို့ မဟုတ်ဘူးဆိုတာ ကျနော်ထပ်လောင်း အတည်ပြုပါ တယ်။ နိုက်ဂျာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဂုဏ်သိက္ခာကို အကျိုးရှိစေမယ့် ဘယ်လို ဆွေးနွေးမှုမျိုးကိုမဆို ပြုလုပ်ဖို့ အဆင်သင့်ပဲဆိုတာကိုလည်း ထပ်လောင်း အတည်ပြုပါတယ်"ဟု တီယာနီက ပြောသည်။

ECOWAS သည် ဒေသတွင်း နိုင်ငံများအကြား သုံးနှစ်အတွင်း သတ္တမမြောက် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် နိုက်ဂျာအရေးတွင် သဘောထားတင်းမာသည့် ရပ်တည်ချက်ကို ပြသခဲ့ပြီး စစ်ရေးခြိမ်းခြောက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား