CNI International News

ဘန်ကောက်၊ သြဂုတ် ၂၁

ဖြူးထိုင်းပါတီသည်  ညွန့်ပေါင်းအစိုးရအဖွဲ့သစ်အတွင်း ပါဝင်မည့် ပါတီစာရင်းကို အပြီးသတ် ကြေညာမည်ဖြစ်ပြီး ထိုအစိုးရအဖွဲ့တွင် Palang Pracharath (PPRP) ပါတီ သေချာပေါက် ပါဝင်လိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ညွန့်ပေါင်းအစိုးရတွင် ပါဝင်မည့် ပါတီစာရင်းကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာဖွယ်ရှိသည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် အစိုးရအဖွဲ့အတွင်း ပါဝင်မည့် ပါတီအားလုံး တက်ရောက်ဖွယ် ရှိသည်။ 

အစိုးရအဖွဲ့တွင်း ရာထူးနေရာများအတွက် ခွဲတမ်းချထားရေးနှင့် ပတ်သက်ပြီး အပြီးသတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည့် ရက်အတိအကျကို သတ်မှတ်ရခြင်း မရှိသေးကြောင်း ဖြူးထိုင်းပါတီ၏ အတွင်းရေးမှူးချုပ် ပရာဆက် ချန်တာရာရွန်သောင် (Prasert Chantararuangthong) က ပြောကြားခဲ့သည်။

PPRP  ခေါင်းဆောင် ပရာဝပ်ကိုတွေ့ရစဉ်

သဘောတူညီချက်အရ သက်ဆိုင်ရာ ပါတီများအနေဖြင့် ၎င်းတို့၏ ပါတီဝင် လွှတ်တော်အမတ် ၉ နေရာစီအတွက် အစိုးရအဖွဲ့အတွင်း ရာထူးတစ်နေရာစီကို ရရှိမည်ဖြစ်ကြောင်း၊ ညွန့်ပေါင်းတွင် ပါဝင်သည့် ပါတီများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပရာဆက်က ပြောသည်။

ညွန့်ပေါင်းအစိုးရတွင် ပါတီအများအပြား ပါဝင်နေခြင်းကြောင့် အစိုးရအဖွဲ့၏ တည်ငြိမ်မှု ပျက်ယွင်းနိုင်ဖွယ် ရှိသည်ဆိုသော ထင်ကြေးပေးမှုများကို ပရာဆက်က ငြင်းဆိုခဲ့သည်။

ထို့နောက် ပါတီ အများအပြား ပါဝင်မှုသည် ပြဿနာတစ်ခု မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖြူးထိုင်းပါတီ၏ လက်ထောက် ခေါင်းဆောင် ဖွမ်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) ကမူ ညွန့်ပေါင်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်ခြေရှိသည့် ပါတီစာရင်းနှင့်ပတ်သက်ပြီး မီဒီယာများ၏ ဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း မစ္စတာ ဆရီသာကို တွေ့ရစဉ်

လက်ရှိတွင် ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်နေရာ ၅၀၀ အနက် နေရာ ၃၁၄ နေရာကို ရရှိထားကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

သြဂုတ် ၂၂ ရက်တွင်မူ ဖြူးထိုင်းပါတီက အဆိုတင်သွင်းမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဆရီသာ သာဗင်ဆင် (Sretha Thavisin) ကို လွှတ်တော်၌ မဲပေးရွေးချယ်မည် ဖြစ်သည်။

ဖြူးထိုင်းပါတီကမူ ၎င်းတို့တင်သွင်းမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းသည် လိုအပ်သည့် ထောက်ခံမဲများ ထက် ပိုပြီး ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

မစ္စတာ ဆရီသာသည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရန် အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်ပေါင်း၏ ထောက်ခံမဲ စုစုပေါင်း ၃၇၅ မဲ ရရှိရန် လိုအပ်မည်ဖြစ်သည်။

Source:  ဘန်ကောက်ပို့စ်