CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄
 
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းသည် ဇွန်လ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
 
အဆိုပါ မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ကျောင်းဝန်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေခန့် ရှီ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ပညာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်သွားသည်။
 
ထို့နောက် ထိုကျောင်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာ/ ဆရာမ ၄၀ ဦး၊ ကျောင်းသား/သူ ၁၀၅၈ ဦးဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
 
မီးရှို့ဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်သွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
 
ဖယ်ခုံမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိပြီး ဒေသတွင်း တည်ငြိမ်မှုအားနည်းလျက်ရှိသည်။
 
ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။
 
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ စုစုပေါင်း ၆ သန်းကျော် ပညာသင်ကြားလျက်ရှိသည်။