ကဘူးလ်၊စက်တင်ဘာ ၄

အာဖဂန်နစ္စတန်မှ နိုင်ငံခြားတပ်များ ပြန်လည်ဆုတ်ခွာပြီး တာလီဘန်များ တနိုင်ငံလုံးသိမ်းပိုက်လိုက်ချိန်တွင် ၎င်းတာလီဘန်များအနေဖြင့် တရုတ်ထံမှ ငွေကြေးအထောက်အပံ့ကိုသာ အခြေခံအားဖြင့် မှီခို အားကိုး သွားရမည်ဖြစ်ကြောင်း အီတလီသတင်းစာတစ်စောင်သို့ တာလီဘန်ပြောခွင့်ရသူ ဇာဘီဟာလာမူဂျာဟစ်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

စက်တင်ဘာ ၂ ရက်၌ အီတာလျံသတင်းထောက် လာရီပက်ဘလီကာက အင်တာဗျူးမေးမြန်းပြီး ဖော်ပြခဲ့ရာတွင် တာလီဘန်ပြောခွင့်ရသူ ဇာဘီဟာလာမူဂျာဟစ်က “စီးပွားရေးပြန်လည်ဦးမော့လာရန်အတွက် တရုတ်အကူအညီ ဖြင့် ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၅ ရက်က အနောက်အုပ်စုကျားကန်ပေးထားသော အစိုးရပြုတ်ကျသွားပြီးနောက် တာလီဘန်များ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အနှစ် ၂၀ ကြာ စစ်ပွဲတစ်ပွဲ အဆုံးသတ်သွားသော်လည်း စီးပွားရေးပြိုလဲမည့်အရေးနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

မကြာသေးမီ ရက်သတ္တပတ်များက ကဘူးလ်လေဆိပ်မှ နိုင်ငံခြားတပ်များ အရှုပ်အထွေးများစွာဖြင့် ထွက်ခွာ သွားပြီးနောက် အနောက်အုပ်စုနိုင်ငံများအနေဖြင့် အာဖဂန်နစ္စတန်သို့ ၎င်းတို့ဘဏ္ဍာရေးအကူအညီများ ပေးခြင်းကို အပြင်းအထန် ကန့်သတ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဩဇာဖြန့်ကျက်ဖို့ တရုတ်၏အခြေခံအဆောက်အဦပဏာမခြေလှမ်းဖြစ်သော ပိုးလမ်းမသစ်ကို တာလီဘန်တို့က အလေးအနက်ထားကြောင်း ဇာဘီဟာလာမူဂျာဟစ်က ဆက်လက်ပြောကြားခဲ့သည်။

“တရုတ်ကျေးဇူးနဲ့ ကျနော်တို့နိုင်ငံထဲ ကြေးနီသတ္တုတွင်းတွေ လည်ပတ်အောင် လုပ်နိုင်ခဲ့တယ်။ ခေတ်မီတဲ့ ကြေးနီစီမံကိန်းတွေ ရှိလာတယ်။ ဒါဟာ တရုတ်ကနေ တကမ္ဘာလုံးဈေးကွက်ဆီကို ကျနော်တို့ ဖြတ်သန်း စီးဆင်းနိုင်အောင် ဆောင်ကြဉ်းပေးတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အနာဂတ်မှာ အမျိုးသမီးများ တက္ကသိုလ်ပညာအထိ ဆက်လက်သင်ယူခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားခဲ့သည်။ အမျိုးသမီးများအနေဖြင့် သူနာပြုဖြစ်စေ၊ ရဲလုပ် ငန်းဖြစ်စေ၊ ဝန်ကြီးဌာနများ၌ လက်ထောက်ဖြစ်စေ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သော်လည်း ဝန်ကြီးအဆင့်အထိ အမျိုးသမီး ခန့်ထားရန်မရှိကြောင်း မူဂျာဟစ်၏ပြောကြားချက်အရ သိရသည်။

အာဖဂန်နစ္စတန်တွင် တရုတ်ပါဝင်ပတ်သက်မှုသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ဂျာမန်မာရှယ်ရန်ပုံငွေ၏အာရှအစီအစဉ်အဖွဲ့မှ အကြီးတန်းအရာရှိ အင်ဒရူးစမောက သုံးသပ်ပြသည်။

“တရုတ်က အကြီးအကျယ်ကူညီတာမျိုး မလုပ်ဘူး။ အာဖဂန်ကို တော်ရုံတန်ရုံအကူအညီပဲ ပေးလိမ့်မယ်ဗျ။ လူသားချင်းစာနာတဲ့အကူအညီတွေပေးပြီး အာဖဂန်အစိုးရသစ်ကို အာ မခံပေးမှာ မဟုတ်ဘူး” ဟု အင်ဒရူးစမောက အယ်လ်ဂျာဇီးယားသို့ သုံးသပ်ပြောကြားသည်။

“အသေးစားရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေကျတော့ တိုင်းပြည်မှာ လုံလောက်တဲ့တည်ငြိမ်မှုရှိမှ လုပ်လို့ရမှာ။ အဲဒါတွေ ပြည့်စုံမှ စီးပွားရေးအရ အလားအလာကောင်းတွေ ဖြစ်လာနိုင်တယ်လေ” ဟု ၎င်းက ဆက်လက်သုံးသပ်ပြသည်။

“ဒါကြောင့် တရုတ်က စီးပွားရေးအရ လုပ်ချင်တာတွေ လုပ်ဖို့ ကန့်သတ်ချက်တွေ ရှိနေသေးတယ်။ တာလီဘန် တွေ ဆက်ပြီးစခန်းသွားနိုင်ရင်တောင် တရုတ်က တိုင်းပြည်တည် ငြိမ်မှ ဆက်ဝင်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြသ ပါလိမ့်မယ်” ဟု အင်ဒရူးစမောက ကောက်ချက်ချသည်။

လတ်တလောအခြေအနေအရ အာဖဂန်နစ္စတန်နိုင်ငံတွင် ငွေသားအလွန်လိုအပ်နေပြီး တာလီဘန်များသည် အာဖဂန်ဗဟိုဘဏ်မှ နိုင်ငံရပ်ခြား၌ ထားရှိသော ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အလျင်အမြန် ရယူနိုင်ဖွယ်လည်း မရှိပေ။

ယခုရက်သတ္တပတ်အစောပိုင်း ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတားရက်စ်က အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုကို သတိ ပေးလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အရေးပေါ်ရန်ပုံငွေထောက်ပံ့ရန် တိုက်တွန်းထားသည်။