၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၅
ကမ္ဘာ့ကပ်ရောဂါ (COVID-19) ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် NLD အစိုးရ လက်ထက်က ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များသို့ ထုတ်ပေးသော ချေးငွေများကို အတိုးနှင့် အရင်း တစ်ပေါင်းတည်း အကြေပြန်လည်ပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ယခင်အစိုးရလက်ထက်က နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေ မှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား COVID -19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထူထောင်ပြီး ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တနှစ် သတ်မှတ် ၍ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ၂၀၂၀ ခုနှစ် ဧပြီလဆန်းမှ စတင်ကာ လုပ်ငန်းအမျိုးအစားနှင့် အသုတ်လိုက် ထုတ်ချေး ပေးခဲ့ခြင်းဖြစ်သည်။
ယင်းချေးငွေကို ဖေဖော်ဝါရီလ ၁ ရက် တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း ချေးငွေကို ပြည်တွင်းက စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရာတွင် ငွေကြေးလည်ပတ်မှု ချောမွေ့စေရန် အတွက် နစက က ချေးငွေရယူထားသူများကို ၆ လသက်တမ်း ထပ်တိုးပေးသည်မှာ မကြာခင် သက်တမ်းပြည့်မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကုစားရေးချေးငွေသည် နိုင်ငံတော်၏ မူဝါဒအရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထုတ်ချေးထားသော ချေးငွေဖြစ် သောကြောင့် ရယူထားသော လုပ်ငန်းရှင်များအနေနှင့် သတ်မှတ်သက်တမ်းပြည့်ပါက မပျက်မကွက် ပြန်လည်ပေးဆပ်ရန် လိုအပ်ကြောင်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်။
သို့ဖြစ်၍ ချေးငွေသက်တမ်းမပြည့်မှီ တစ်လကြိုတင်ပြီး လုပ်ငန်းရှင်များထံသို့ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် နှိုးဆော်စာများ ရောက်ရှိပါက ချေးငွေရယူထားသူများအနေနှင့် အရင်း၊ အတိုး တစ်ပေါင်းတည်း အကြေ ပြန်လည်ပေးဆပ် ရမည်ဖြစ်ပြီး ချေးငွေ အတိုး၊ အရင်း ပေးဆပ်မှုကို ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်းနည်း၊ ငွေလွှဲနည်းတို့အပါအဝင် အီလက်ထရောနစ်နည်းများနှင့် ဖြစ်စေ ပြန်လည်ပေးဆပ်နိုင် ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းဌေးက “အခုအချိန်ကတော့ လုပ်ငန်းရှင်တွေ အခက်အခဲကတော့ ထူးပြီးတော့ ပြောစရာမလိုဘူး ပေါ့နော်။ ကိုဗစ်ကာလအတွင်းမှာ Stay at home ဆိုတာကလည်း အချိန်အကြာကြီး ကန့်သတ်နေတယ်။ လုပ်ငန်းတွေ အားလုံးကလည်း တော်တော်များများက ရပ်ဆိုင်းထားတာနဲ့ တစ်ဝက်တစ်ပျက် လည်တာနဲ့ နောက်ပြီး ဈေးတွေ၊ ကျောင်းတွေ ဘာတွေမှ မဖွင့်တဲ့ အတွက် သူတို့ရဲ့ ထုတ်ကုန်တွေက ရောင်းမရတဲ့ဟာမျိုးတွေ ရှိတယ်။
SME လုပ်ငန်းရှင်တွေ ဆိုရင် တော်တော်များများက နေရာအငှား တွေနဲ့ လုပ်ရတဲ့ အခါကျတော့ တော်တော်အဆင်မပြေတာပေါ့နော်” ဟု လက်ရှိ စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ဆက်လက်၍ အစိုးရချေးငွေပြန်တောင်းနေခြင်းနှင့် ပတ်သက်ပြီး ၎င်းက “တစ်ချို့များဆိုရင် လုပ်ငန်းပိတ်သိမ်းတဲ့အထိ တွေ့ရတာတွေလည်း ရှိတာပေါ့။ ဒီဟာတွေပေါ်မှာတော့ ကဏ္ဍအလိုက် ပြန်ပြီးတော့ သက်တမ်းတိုးပေးတာမျိုးတွေ လုပ်ပေးသင့်တယ်။ ဥပမာ စားသောက်ဆိုင် ကဏ္ဍဆို တစ်မျိုး ပေါ့၊ သူ့ကဏ္ဍနဲ့သူ ထုတ်လုပ်မှုအပိုင်း ပြေတဲ့ အပိုင်းက တစ်မျိုး၊ မပြေတဲ့အပိုင်းက တစ်မျိုး သက်တမ်း ၆ လတန်သည်၊ ၃ လတန်သည်၊ ဒီအပိုင်းကိုတော့ ၃ လ၊ ဒီအပိုင်းကိုတော့ ၆ လ၊ ဒီအပိုင်းကိုတော့ တစ်နှစ် ထပ်တိုးတာမျိုး ဒါမျိုးတွေကိုတော့ ခွဲခြားသုံးသပ်ပြီး လုပ်ပေးရင် အဆင်ပြေမယ်ထင်ပါတယ်” ဟု ထောက်ပြ သုံးသပ်ပြောကြားသည်။
ထို့ကြောင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကဲ့သို့ အသင်းကြီးများနှင့် အသင်းအဖွဲ့များက တောင်းဆိုမှသာ ထိရောက် နိုင်မည် ဖြစ်ပြီး ချေးငွေ သက်တမ်းကာကို နောက်ထပ် ၆ လခန့် သက်တမ်းထပ်တိုးပေးမှသာ လုပ်ငန်းရှင်များအတွက် အဆင်ပြေနိုင် မည်ထင်ကြောင်း ၎င်းက ပြောသည်။
လောလောဆယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလဖြစ်ပြီး အသင်းအဖွဲ့များက ရုံးလုပ်ငန်းများပိတ်ထားသောကြောင့် မည်သို့ ဆောင်ရွက်မည်ကို လတ်တလောမကြားရသေးကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
နစက က ချေးငွေပြန်လည်ပေးဆပ်ရန် ခွင့်ပြုသက်တမ်းထက် ကျော်လွန်ပျက်ကွက်ပါက မြန်မာ့စီးပွားရေးဘဏ်မှ ရက်အလိုက် ကောက်ခံမည့် နောက်ကျကြေး (သို့မဟုတ်) ဒဏ်ကြေး များကို သတ်မှတ်ချက်အတိုင်း လုပ်ငန်းရှင်များက ပေးဆောင်ရမည်ဖြစ်ပြီး အကယ်၍ ချေးငွေ ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့် အညီ တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကုစားရေးကော်မတီက ညွှန်ကြားထားသည်။