၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၅

လက်ရှိတွင် ပြည်တွင်းသကြားဈေးသည် တစ်ပိဿာ ကျပ် ၁၆၀၀ ဈေးအထိ စံချိန်တင်မြင့်တက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ပြည်တွင်းသကြားဈေးသည် တစ်ပိဿာ ကျပ် ၁၃၀၀ အထိသာရှိခဲ့ကြောင်းနှင့် ၂၀၂၀ခုနှစ်တွင် ပြည်တွင်းသကြားဈေးမှာ ၁၀၀၀ ဝန်းကျင်လောက်သာ ရှိခဲ့ပြီး လက်ရှိတွင် စံချိန်တင်မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက “အခုလက်ရှိသကြားဈေးကတော့ ၁၅၅၀၊ ၁၆၀၀ ပေါ့။ တစ်ပိဿာကို။ ဘာဖြစ်လို့မြင့်တက်လဲဆိုရင် ဒါကလည်း နိုင်ငံရဲ့ငွေကြေးဈေးကွက်နဲ့လည်း အများကြီးသက်ဆိုင်မှာပေါ့နော်။ နိုင်ငံတကာသကြားဈေးကလည်း အရင်က တစ်တန်ကိုမှ ဒေါ်လာ ၄၀၀ စွန်းစွန်းမှာပဲရှိခဲ့တာ အခုက ဒေါ်လာ ၅၀၀ ဖြစ်သွားတော့ ဒီဘက်ကလည်း ငွေလဲနှုန်းက တန်ဖိုးမြင့်သွားတဲ့အခါကျတော့ ရုတ်တရက် ထိုးတက်သွားသလိုဖြစ်သွားတာပေါ့။ နိုင်ငံတကာဈေးရယ် နောက် ဒေါ်လာဈေးရယ်ကြောင့် အဲ့ဒါတွေကြောင့်လည်းပါတာပေါ့။ နောက်တစ်ခုက ပြည်တွင်းမှာလည်း လက်ကျန်လည်း နည်းတဲ့သဘောပါတာပေါ့။ နိုင်ငံတကာပေါက်ဈေးနဲ့လည်း သွားညီတာပေါ့” ဟု ပြောသည်။

ပြည်တွင်းသကြားဈေးများ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တဖြေးဖြေး မြင့်တက်လာရာ လက်ရှိအချိန်တွင် တစ်ပိဿာကျပ် ၁၆၀၀ ဈေးထိ မြင့်တက်လာြခင်းဖြစ်သည်။

လက်ရှိတွင် ထိုသကြားများမှာ လက်ကျန်နည်းနေသည့်အတွက် ပြည်ပတင်ပို့ခြင်းသိပ်မရှိဘဲ ပြည်တွင်းမှလုပ်ငန်းရှင်များကိုသာ ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။

ယခင်က ကြံတစ်တန်လျှင် ငွေကျပ် ၄၂၀၀၀ (လေးသောင်းနှစ်ထောင်)၊ ၄၅၀၀၀ (လေးသောင်းခွဲ) အထိသာ ဝယ်ယူကြပြီး လက်ရှိတွင် ကြံဈေးမှာ မြင့်တက်နေသည့်အတွက် ရှမ်း ပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲ သကြားကုမ္ပဏီက လာမည့်ကြံရာသီတွင် ကြံ တစ်တန် ကျပ် ၅၀၀၀၀ (ငါးသောင်း) ဈေး ဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဠ ဦးဝင်းဌေးက “ သူကမိုင် လေး ငါးဆယ် သတ်မှတ်ထားတာပေါ့နော်။ သူ့ရဲ့ ဧရိယာ။ အဲတော့ စက်ရုံနဲ့ မိုင် သုံး လေး ငါးဆယ်ပေါ့။ လာပို့နိုင်သမျှပေါ့။ သူကတော့ ကြံဆိုတဲ့သဘောကတော့ ၂၄နာရီ အတွင်း ခုတ်ပြီးရင် စက်ရုံကို ၂၄နာရီ အတွင်း ရောက်အောင်ပို့နိုင်မှ ကြံရဲ့သဘာဝ အရည်အသွေးကောင်းတာပေါ့။ အဲတော့ ကြံအရည်အသွေးရော၊ သကြားအရည်အသွေးရော ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ကြံများအား အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး နောက်တစ်နှစ် မတ်လခန့်အထိ စိုက်ပျိုးကြကြောင်းနှင့် ကြံများအား ၁၀လ၊ ၁၁လ အကြာမှ ခုတ်၍ ရကြောင်း သိရသည်။

မကြာခင်တွင် ကြံစိုက်ရာသီသို့ ရောက်တော့မှာဖြစ်ပြီး ကြံစိုက်တောင်သူမျာအနေဖြင့် လက်ရှိတွင် ဓာတ်မြေဩဇာဈေးမှာ နှစ်ဆခန့်မြင့်တက်နေသည့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေကြောင်း ကြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။