CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ရုံးအတွင်း ကိုဗစ်ပိုးတွေ့ရှိသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ဂိတ်များ အား ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်တင်ပို့ရန်လုပ်ဆောင်နေသည့် ကုန်သည် များ ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း CNI သတင်းဌာနသို့ ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီဂိတ်အား ယနေ့ (မတ်လ ၃ ရက်)တွင် အကြောင်းကြား မှုမရှိဘဲ ပိတ်လိုက်သည့်အတွက် ယနေ့ တရုတ်သို့တင်ပို့မည့် ငှက်ပျောကား အစီးရေ ၁၀၀၀ ကျော်မှာ မြန်မာဘက်၌ ပိတ်မိ သွားကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလာရစ်က CNI သတင်းဌာနသို့ ပြောသည်။

ဦးလာရစ်က“ပျက်စီးသွားမှာပေါ့။ အခု အဲ့ဒါ ဘယ်လိုလျော်ရမယ်၊ ဘယ်လို ရှင်းရမလဲတောင် နားတောင် မလည်နိုင်တော့ ဘူး။ မတင်ရသေးတဲ့ ခုတ်ထားတဲ့အားလုံးက ဂျက်ဖာထဲမှာ ထည့်ထားတာဆိုတော့ ဆုံးရှုံးတာတော့ အင်မတန်မှ များသွားမှာ ပေါ့။ ငါတို့ဒီမှာ ငါတို့ငှက်ပျောစိုက်ထားတဲ့ လူတွေလည်း အားလုံး နဂိုကတောင်မှ သိပ်အဆင်မပြေရတဲ့ ကြားထဲမှာ အိုးနင်း ခွက်နင်းတွေ ဖြစ်တော့မှာ။ ဒါက ရောဂါကြောင့်ဖြစ်လာတဲ့ ပြဿနာဆိုတော့ ပြောဖို့လည်း အခက်အခဲ ရှိသွားတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခတော့ ရောက်သွားတာပေါ့” ဟု ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် မြန်မာဘက်အခြမ်းရှိ ကားသမားများထံတွင်လည်း ကိုဗစ်ပိုး တွေ့ရှိမှုမှာ နေ့စဉ်ရှိ သဖြင့် သေချာစည်းကမ်းတကျဖြင့် စိစစ်ပေးသင့်ကြောင်းနှင့် တရုတ်သို့တင်ပို့ရန် တက်လာသည့် ယာဉ်မောင်းများ အနေ ဖြင့်လည်း ကာကွယ်ဆေး ထိုးနှံပြီးသူများသာ ဖြစ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လာမည့်စနေနေ့တွင် အစည်းအဝေး ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။

တရုတ်/မြန်မာ နယ်စပ်ဖြတ်ကျော်ကန့်သတ်ထားမှုကိုတွေ့ရစဉ်(Reuters)

နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ခွင့်ပြုထားသည့် ကျင်စန်းကျော့ဂိတ်၊ လွယ်ဂျယ်ဂိတ်၊ ကန်ပိုက်တီဂိတ်နှင့် ချင်းရွှေဟော်ဂိတ်တို့အား ယခုလက်ရှိတွင် တရုတ်ဘက်မှ ယာယီပိတ်ထားလိုက်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အတိအကျ မသိရှိရသေးကြောင်း ကုန်သည်များက ပြောသည်။

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်ကာ ၁၄ ရက် ပိတ်ထားကြောင်း သိရသည်။

သို့သော် မူဆယ်ရှိ ကျင်စန်းကျော့ဂိတ်အား မတ်လ ၂ ရက်နှင့် ၃ ရက် နှစ်ရက်သာပိတ်မည်ဟု တရားဝင် အကြောင်းကြားစာ ပို့ထားသည့်အတွက် ထိုဂိတ်အနေဖြင့် မတ်လ ၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ‌ပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

ဦးမင်းသိန်းက“အဲ့ကိစ္စက သူတို့အပေါ်မှာပဲ မူတည်တယ်။ သူတို့နိုင်ငံမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုဗစ်ပိုး တွေ့ လူနာ များပြားလာမယ်။ နောက်တစ်ခါ သူတို့ဆီမှာ အထက်က ညွှန်ကြားလာမယ်ဆိုရင်တော့ တစ်မျိုးတစ်မည်တော့ ပြောင်းလဲသွားနိုင်တာပေါ့။ ဒါကတော့ သူတို့ဖွင့်မှ ပိတ်မှ ရမယ့်ကိစ္စဆိုတော့ ကျနော်တို့က ဒါကိုတော့ အတက်မပြောနိုင် ဘူး ဖြစ်နေတယ်။ ကျနော်တို့က မျှော်လင့်တာကတော့ မနက်ဖြန် ၄ ရက်နေ့မှာ ကျင်စန်းကျော့ဂိတ်ကို ပြန်လည် ဖွင့်လှစ် မယ်လို့တော့ ကျနော်တို့ဘက်က မျှော်လင့်ထားတာပဲ။ နောက်တော့ ဘာဖြစ်မလဲတော့ မသိသေးဘူးပေါ့။ ဘာလို့လဲဆို သူတို့ဆီမှာ ရာခိုင်နှုန်း တော်တော်များများ တွေ့ရှိရမယ်ဆိုရင်တော့ အရင်လိုပဲ ရက်ရှည်ကြာမြင့်စွာ ပြန်ပိတ်သွားမှာကို ကျနော်တို့ ကုန်သည်တွေ အနေနဲ့ စိုးရိမ်ပါတယ်။ ဒါပေသိ လောလောဆယ်မှာကတော့ ယာယီပဲ ပိတ်ထားတယ်လို့ ကြားသိ ထားပါတယ်”ဟု ပြောသည်။

ယမန်နေ့က ကျင်စန်းကျော့ဂိတ်အား တရုတ်ဘက်မှ ပိတ်လိုက်သည့်အတွက် စောင့်ဆိုင်းနေရသည့် ကုန်ကားအစီးရေ ၂၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်က ကိုဗစ်ကြောင့်ဟုဆိုကာ ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များထဲမှ အချို့အား ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။