CNI International News

တိုကျို၊ မတ်လ ၃

နစ်ဆန်းမော်တော်ကား(Nissan)ကုမ္ပဏီမှ အမေရိကန်အမှုဆောင်ဟောင်း ဂရက်ကယ်လီသည် ၎င်း၏သူဌေးဖြစ်သူ ကားလို့စ်ဂိုဆင်၏ လစာကို အစီရင်ခံမှု အားနည်းခြင်းကြောင့် တိုကျိုတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း အေပီ သတင်းအရ သိရသည်။

မတ်လ ၃ ရက် (ယနေ့)တွင် ချမှတ်ခဲ့သော ၆ လ ဆိုင်းငံ့ပြစ်ဒဏ် စီရင်ချက်ကို အစိုးရရှေ့နေများက အယူခံဝင်ကြမည်ဖြစ် သော်လည်း ကယ်လီကို ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုမည် ဖြစ်သည်။

နစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌဟောင်းနှင့် ရီနော့-နစ်ဆန်း-မစ်ဆူဘီရှိ ပူးပေါင်းအဖွဲ့ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂိုဆင်နှင့်အတူ ကယ်လီ ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖမ်းဆီးထားခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးက အပြစ်မရှိကြောင်း အခိုင်အမာ ထွက်ဆိုခဲ့ကြပြီး စွဲချက်တင်ထားသော လစာကိစ္စ အဓိက အကြောင်းအရင်းနှင့်ပတ်သက်၍ မည်သည့်အခါမှ ပေးချေခြင်း (သို့မဟုတ်) ပေးချေရန် ဆုံးဖြတ်ခြင်း မရှိခဲ့ကြောင်း အသီးသီး ငြင်းဆိုခဲ့ကြသည်။

စွဲချက် အချို့နှင့်စပ်လျဉ်း၍ ကယ်လီထံတွင် အပြစ်မရှိဟု တရားရုံးအနေဖြင့် တွေ့ရကြောင်း၊ ၂၀၁၇ ဘဏ္ဍာနှစ်တွင် တစ်နှစ်စာ သာ စွဲချက်အရ အပြစ်ရှိကြောင်း တိုကျိုမြို့မှ တရားသူကြီးချုပ် ကန်ဂျီရှိမိုစုက ပြောကြားခဲ့သည်။

ဂိုဆင်သည် ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် အာမခံအရယူ၍ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှ ဂီတတူရိယာ သေတ္တာများကြားတွင် ပုန်းအောင်းလိုက်ပါ၍ လွတ်မြောက်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ယင်းအမှုကို စတင်စစ်ဆေးခဲ့ကြောင်း အေပီက သတင်းဆက်လက် ရေးသားသည်။

Nissan ကုမ္ပဏီ သူဌေး ကားလို့စ်ဂိုဆင်ကို တွေ့ရစဉ်(AP)

ထို့နောက် ဂိုဆင်သည် ဂျပန်နှင့် တရားခံ လွှဲပြောင်းရေး စာချုပ်မချုပ်ထားသည့် လက်ဘနွန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး ခဲ့ပြီး သူ့ဖြစ်စဉ်နှင့်ပတ်သက်၍ စာအုပ်များ ထွက်ရှိခဲ့ကာ ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးခဲ့ကြသည်။

ကယ်လီနှင့် ယွာချီကီတာမူရာ ဦးဆောင်သော ရှေ့နေအဖွဲ့တို့သည် တိုကျိုခရိုင်တရားရုံးတွင် တရားရင်ဆိုင် နေစဉ်အတွင်း အမှုတွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဂိုဆင် ရှောင်တိမ်းခြင်းအား အဟန့်အတားပြုရမည့် နည်းလမ်းများ ရှာဖွေရန် ရုံးတော်သို့ စောဒကတက်ခဲ့သည်။

ထိုအမှု၌ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအချို့၌ အချက်အလက် မှားယွင်းနေကြောင်း၊ သို့သော် ဂိုဆင်ကို တိုက်ရိုက် အစီရင်ခံ ရသော နစ်ဆန်း အမှုဆောင်တစ်ဦးထံမှ ထွက်ဆိုချက်သည် အရေးကြီးဆုံးဖြစ်သော်လည်း အယူခံဝင်ခြင်းကြောင့် လုံးဝ ယုံကြည်စိတ်ချ၍မရကြောင်း တရားသူကြီးချုပ် ကန်ဂျီရှိမိုစုက ပြောကြားခဲ့သည်။

“သူ့ရဲ့ယုံကြည်စိတ်ချရမှုက အင်မတန် အာရုံစိုက်ရမယ့်ကိစ္စပါ။ ကြံရာပါ တစ်ယောက်အနေနဲ့ ဂိုဆင်ဆီကို လွှဲချဖို့ ကြိုးစာမယ့် အန္တရာယ်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကယ်လီကို ထောင်ဒဏ် ၂ နှစ်သာ ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုထားသည်။ ဂိုဆင်၊ ကယ်လီနှင့် နစ်ဆန်း မော်တော်ယာဉ်ကုမ္ပဏီတို့သည် ဂိုဆင်၏ လျော်ကြေးငွေအတွက် ၂၀၁၈ ခုနှစ်အထိ ၈ နှစ်တာ ကာလအတွင်း တိုင်ကြားမှု၌ ယန်း ၉ ဘီလီယံ (ဒေါ်လာ ၇၈ သန်း) ရှိသဖြင့် အဆိုပါလျော်ကြေးငွေကို အစီရင်ခံမှု နည်းပါးလွန်းသည်ဟု ၎င်းတို့က စွဲချက် တင်ခဲ့ကြသည်။

Source: AP