CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

မြန်မာနိုင်ငံတွင် ငါးရှဉ့်ကို ဗီယက်နမ်နည်းပညာအတိုင်း သုတေသနလုပ်၍ ငါးရှဉ့်များကို မွေးမြူရန် စီစဉ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ထိုနည်းပညာကို စမ်းသပ် လုပ်ဆောင်ရန် စီစဉ်နေပြီး အောင်မြင်ဖြစ်ထွန်းသွားသည့်အခါ လယ်သမားများကို မျှဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြော သည်။

ဒေါ်တိုးနန္ဒာတင်က “ဆလားဗီးယားကို World Fish ကနေပြီးတော့ နည်းပညာတွေ ပေးနေတယ်ပေါ့နော်။ အဲစခန်းတစ်ခုက ဆလားဗီးယားကို သူတို့ သားဖောက်နေတဲ့ စခန်းတစ်ခု ရောက်တဲ့အခါကျတော့ ဆရာမက မေးကြည့်တာပေါ့နော်။ ဒီလို နေရာမျိုးမှာ ငါးရှဉ့်က မတွေ့ဘူးလားဆိုတော့ ဆရာမတဲ့ ငါးရှဉ့်က အများကြီးပဲတဲ့။ ခြံတွေမှာတောင်မှ ငါးရှဉ့် ထိုးပေါက်တွေ နဲ့ ရှိတယ်ပေါ့။ ဟာဒါဆို အတော်ပဲလို့ ဆရာမတို့က ဒါဗီယက်နမ်မှာလည်း သွားကြည့်ခဲ့တယ်။ ဒီမှာလည်း ငါးလုပ်ငန်းအဖွဲ့ ချုပ်မှာလည်း ဖောက်ခဲ့ဖူးတယ်။ ဖောက်တုန်းကလည်း အောင်မြင်တယ်ပေါ့နော်။ သားပေါက်အထိ ထွက်တယ်ပေါ့။ ဒါပေမယ့် ဆက်မလည်နိုင်တဲ့ ပရော်ဂျက်ဖြစ်တော့ မလုပ်ချင်ဘူးလားလို့ လယ်သမားတွေကို မေးလိုက်တဲ့အခါကျတော့ သူတို့က လုပ် ချင်တယ်တဲ့။ သူက နည်းကလေ ဟိုမှာလည်း လယ်သမားတွေပဲ လုပ်တာလေ။ လုပ်တဲ့အတွက်ကြောင့် ဆရာမတို့က ဒီနည်း ကို သူတို့ အခု သုတေသန လုပ်နေတဲ့ ဒီနည်း အောင်မြင်သွားအောင် လုပ်မှာပေါ့နော်။ ဟိုမှာလည်း အောင်မြင်နေတာဆိုတော့ အောင်မြင်သွားအောင် လုပ်ပြီးလို့ရှိရင် လယ်သမားတွေကို ဒီနည်းပညာပေးဖို့ပေါ့ အဲအစီအစဉ် ရှိပါတယ်”ဟု ပြောသည်။

ငါးရှဉ့်ဖမ်းရန်သွားခြင်း

ငါးရှဉ့်သည် ပြည်တွင်း စားသုံးမှုအနေဖြင့် အနည်းငယ်သာရှိပြီး တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ရေထွက်ကုန် တစ်မျိုး ဖြစ်ကြောင်း၊ တစ်ကီလိုလျှင် မြန်မာငွေကျပ် ၁၀၀၀၀ ကျော် ဈေးနှုန်းရှိကြောင်း သိရသည်။

ဗီယက်နမ် နည်းပညာအတိုင်း ငါးရှဉ့်မွေးမြူခြင်း သုတေသန စမ်းသပ်မှုများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ကြောင်း၊ ကိုဗစ်အခြေအနေကြောင့် ယာယီရပ်နားခဲ့ရာမှ ယခုနှစ် မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကြားရှိ နေရာများတွင် ပြန်လည် စမ်းသပ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရေထွက်ကုန်တင်ပို့ရေး နှစ်နိုင်ငံ အပြန်အလှန် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန် လုပ်ဆောင်နေကြောင်း၊ အောင်မြင်သွားသည့်အခါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ငါးရှဉ့်မွေးမြူသူများအတွက် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ဒေါ်တိုးနန္ဒာတင်က ဆက်ပြောသည်။

ငါးရှဉ့်မွေးမြူရေးလုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “အခုလည်း မွေးမြူရေး ငါးတွေရော၊ ပုဇွန်တွေရော၊ ငါးရှဉ့်တွေရော၊ ကဏန်းတွေရော တရုတ်နဲ့လုပ်ဖို့ အပြန်အလှန် လုပ်နေပြီပေါ့နော်၊ အစိုးရကနေ လုပ်ပြီဆိုတော့ MOU ထိုးပြီးရင်တော့ ဒါတွေက အကုန်လုံး အကျုံးဝင်သွားမှာပေါ့။ နယ်စပ် တွေလည်း ပြန်ပွင့် လာမယ်ဆိုလို့ရှိရင် ဒါက အကုန်လုံး သူတို့အတွက် သူတို့လည်း အဲဒီအချိန်မှာ ပညာတတ်၊ ငါးရှဉ့်ကလည်း ထွက်ဆိုရင်တော့ သူတို့ အဆင်ပြေသွားမှာပေါ့၊ သူတို့လည်း ဒီလိုမှန်းတာပေါ့”ဟု ပြောသည်။

အဆိုပါ ဗီယက်နမ် နည်းစနစ်ဖြင့် မွေးမြူသည့်အခါ ငါးရှဉ့်ကုန်ကြမ်းကို လယ်ထဲမှ ရယူနိုင်ပြီး အစာအဖြစ် ခရုကိုသာ ကျွေးရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း၊ ထို့ကြောင့် မွေးမြူသူများ အဆင်ပြေမှုများရှိကြောင်း သိရသည်။

ငါးရှဉ့်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ကနေ တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေကြသည်။