CNI News

၂၀၂၂ ခုနှစ်၊ မတ် ၁

မွန်ပြည်နယ်အတွင်း ဆောင်းခိုငှက်များကို ဖမ်းယူနေသည့် ငှက်မုဆိုးများကို အသိပညာပေးခြင်းဖြင့် စည်းရုံးလျက်ရှိသည့် အတွက် မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ကမ်းရိုးတန်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းသူများထံမှ သိရသည်။

ဆောင်းခိုငှက်များ မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ငှက်မုဆိုးများကို အသိပညာပေးခြင်း၊ ငှက်ဖမ်းယူမှု များကို ကြပ်မတ်ခြင်း၊ တားမြစ်ခြင်း စသည့် နည်းလမ်းများ အသုံးပြုခဲ့ခြင်းကြောင့် ငှက်မုဆိုးများ လျော့ကျလာကြောင်း ကမ်းရိုးတန်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးမှ တာဝန်ရှိသူ ဦးအောင်ကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်အချက် အရင်တုန်းက တကယ့် နာမည်ကြီး ငှက်မုဆိုးတွေက အသက်အပိုင်းအခြားအရနဲ့ တချို့တွေက အဲဒါ ကြောင့်လည်း လျော့သွားတာက တစ်ကြောင်း၊ ဒုတိယတစ်ချက်က တချို့လူငယ်တွေ ကျန်တယ်။ အဲလူငယ်တွေကလည်း ထိုင်းနိုင်ငံမှာ သွားလုပ်တယ်။ ဒီမှာငှက်ဖမ်းလို့ မလွယ်တော့ဘူး။ ကျနော်တို့ကလည်း ထိန်းသိမ်းတဲ့ အသင်းအဖွဲ့တွေ ဖွဲ့ထား တယ်။ သူတို့ကို သွားသွားပြီးတော့ သတိပေး နေတယ်။ နောက်ဆုံး ကျနော်တို့ ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်၊ ငွေဒဏ် ၁၀ သိန်း သိပ်ပြင်းတယ်။ အဲတော့ မလုပ်ဖို့ သူတို့ကို သွားတားထားတယ်။ အဲတော့ သူတို့က နောက်ဆုံးမှာ ဒီမှာတောင် မနေ တော့ဘူး။ ထိုင်းကိုထွက်သွားပြီး အဲဒီမှာ အလုပ်သွားလုပ်ကြတယ်။ အဲတော့ အဲဒါတွေကြောင့် ကျနော်တို့ သုံးသပ်တာပေါ့ နော်။ ငှက်မုဆိုးက မရှိသလောက် ပပျောက် သွားပြီ။ မရှိသလောက်ကို ရှားသွားပြီ။ ဟိုတုန်းက ကောက်ခဲ့တဲ့ စာရင်းက ၆၄ ယောက်။ အခုက ရှာလို့တောင် မရတော့ဘူး ငှက်မုဆိုးတွေ အဲလိုတောင် ဖြစ်သွားတယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ငှက်မုဆိုး ပပျောက်ရေး လှုပ်ရှားမှုများကို ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ငှက်ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။

ငှက်မုဆိုးများကို ရှာဖွေဖော်ထုတ် တားမြစ်ရာတွင် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ မွန်ပြည်နယ် အတွင်း ငှက်မုဆိုး ၆၄ ဦး ရှိခဲ့ကြောင်း၊ လက်ရှိတွင် ထိုငှက်မုဆိုးများသည် ငှက်မုဆိုးပပျောက်ရေး လှုပ်ရှားမှုများ၌ ပါဝင် လာကြသူများလည်း ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်က ငှက်မုဆိုးအဖြစ် လုပ်ကိုင်ခဲ့သည့် သူများကိုလည်း ယခုအချိန်တွင် ငှက်ဖမ်းဆီးခြင်း မပြုလုပ်စေဘဲ တခြားသော လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ငွေကြေးများ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ငှက်မုဆိုးစောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ငှက်မုဆိုးများ ပပျောက်နေပြီဖြစ်သည့်အတွက် တခြားတိုင်းနှင့် ပြည်နယ်များတွင် ငှက်မုဆိုး ပပျောက် ရေး၊ ဆောင်းခိုငှက် ထိန်းသိမ်းရေးများ ဆောင်ရွက်ရန် ရှိသော်လည်း ငွေကြေးအင်အား မရှိခြင်း၊ နိုင်ငံရေး အခြေအနေများ ကြောင့် ဆောင်ရွက်ရန် ခက်ခဲနေကြောင်း ဦးအောင်ကျော်ညွန့်က ဆက်ပြောသည်။

၎င်းက “အခုက ကျနော်တို့က မွန်ပြည်နယ်ကိုပဲ လုပ်နေတာ။ မွန်ပြည်နယ်ကိုပဲ အဓိကထားတယ်ပေါ့ဗျာ။ နောက်ပြီးတော့ အခုချိန်မှာ ဆောင်းခိုငှက်တွေက အရမ်းကျလာပြီ မုတ္တမ ပင်လယ်မှာ။ ဒါတောင်မှ ကျနော်တို့က ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းကို အခုလိုပေါ့၊ ဒေသခံ ထိန်းသိမ်းရေးအဖွဲ့တွေ မဖွဲ့နိုင်ဘူး။ မဖွဲ့နိုင်တော့ ကျနော်တို့က ထိန်းသိမ်းရေးကို တစ်ဖက်က မလုပ်နိုင် သေးဘူး။ ကျနော်တို့က အဲဒါတွေကို ချိတ်နေတယ်။ ချိတ်ပြီးတော့ တောင်းခံမယ်လို့ စီစဉ်ထားတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်တယ်။ ကျနော်တို့က ထောက်ပံ့ငွေတွေက နည်းနည်း ခက်သွားတာပေါ့၊ မြန်မာပြည် နိုင်ငံရေး ကြောင့်”ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ငှက်မုဆိုးများ ပပျောက်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ တခြားတိုင်းနှင့် ပြည်နယ်များ မှာတော့ ငှက်မုဆိုးများ ရှိနေသေးကြောင်း၊ စီးပွားဖြစ် ဖမ်းယူမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ငှက်ထိန်း သိမ်း ရေးအဖွဲ့များက ပြောသည်။

မြန်မာနိုင်ငံတော်အစိုးရမှ ငှက်မုဆိုး ပပျောက်ရေး လှုပ်ရှားမှုများတွင် ထောက်ပံ့မှု တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းများ မရှိကြောင်း သိရသည်။