CNI International News

မော်စကို၊ဖေဖော်ဝါရီ ၂၈

ရုရှားဘဏ်၏ ဒါရိုက်တာအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ တစ်နှစ်လျှင် အတိုးနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ကြောင်း Tass သတင်းဌာနက ရေးသားဖော်ပြသည်။

ယင်းအတိုးနှုန်းအပြောင်းအလဲလုပ်ခြင်းသည် ငွေကြေးနှင့်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူဖြစ်စေပြီး နိုင်ငံသားများ စုဆောင်းငွေ တန်ဖိုးကျဆင်းခြင်းမှ ကာကွယ်နိုင်မည်ဟု အဆိုပါဘဏ်လုပ်ငန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခင်အမြင့်ဆုံးအတိုးနှုန်းစံချိန်မှာ ၁၇ ရာခိုင်နှုန်းအထိ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သတ်မှတ်ခဲ့ဖူးသည်။

ယနေ့အချိန်တွင် ရုရှားစီးပွားရေးသည် ပြင်ပအခြေအနေရိုက်ခတ်မှုများကြောင့် ပြောင်းလဲမှုများ ရှိနေသည်။ ယခု အတိုးနှုန်းမြှင့်လိုက်ခြင်းသည် ငွေတန်ဖိုးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုအန္တရာယ်များကို ကုစားရန်အတွက် လိုအပ်သည့်အဆင့်အလိုက် ဘဏ်အပ်ငွေများ တိုးလာစေဖို့ ဦးတည်ထားသည်။

ပြည်ပနှင့်ပြည်တွင်းအခြေအနေများအောက်ရှိ ဘဏ္ဍာရေးစျေးကွက်များ၏ တုံ့ပြန်မှုများအပြင် လျာထားအချိန် ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်ဆက်စပ်၍ အမှန်တကယ်နှင့် မျှော်မှန်းထားသည့် ငွေကြေး ဖောင်းပွမှု ရွေ့လျားမှုများကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ယင်းနောက် နောက်ထပ်အ‌ရေးပါသော နှုန်းထားများ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရုရှားဘဏ်က ဆက်လက်ပြောကြားခဲ့သည်။

ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေး၏နောက်ဆက်တွဲဖြစ်သည့် ရုရှားဘဏ်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီလ ၂၈ ရက်၊ မော်စကိုစံတော်ချိန် ညနေ ၄ နာရီတွင် ပေါ်ထွက်လာမည်ဟု မျှော်လင့်ရသည်။

Source: Tass.com