CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုအပြင် ဓာတ်မြေဩဇာဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်ကထက် အများအပြားမြင့်တက်နေသည့်အတွက် အရှုံးဖြင့် စိုက်ပျိုးနေရကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင်မူ တောင်သူတို့၏ စိုက်ပျိုးသီးနှံများမှာ ဈေးကောင်းမရရှိသဖြင့် အရှုံးပေါ်နေခြင်းဖြစ်ကာ စိုက်ပျိုးရေး အတွက် စက်သုံးဆီဝယ်ယူရာတွင်လည်း လိုချင်သလောက်ဝယ်ယူ၍ မရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဌေးက CNI သတင်းဌာနသို့ပြောသည်။

ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဌေးက “ဒီနှစ်ကတော့ လုံးလုံး အရှုံးကြီးနဲ့ကို လုပ်နေရတာပဲ။ ဘာလို့လဲ ဆိုတော့ မြေဩဇာကလည်း အခု အာမိုတစ်ပြည်ကို လေးထောင်ပေးရတယ်။ မနှစ်တုန်းကကျ ၂၅၀၀၊ ၂၀၀၀ ပေးရတာလေ။ တောင်သူတွေမှာလုပ်လက်စနဲ့သာ လုပ်နေရတာရယ်။
ကုန်ဈေးနှုန်းက ဒီတိုင်းသွားမယ်ဆိုရင် အရှုံးကြီးနဲ့ကိုလုပ်နေရတာ။ တောင်သူတွေဝယ်သုံးရတဲ့ မြေဩဇာဈေးတို့ စက်သုံးဆီဈေးတို့က အဆမတန် ထက်ဝက်ခကြီးတွေမြင့်တက်သွားတာလေ။ အခုက ဆီဈေးတွေက ကောင်းလွန်းတော့ ရေလောင်းရတာတွေမှာ စိတ်တိုင်းကျကြီးလောင်းဖို့မလွယ်တာပေါ့။ အထွက်နှုန်းတွေဘာတွေလျော့လာနိုင်တာပေါ့။ ဆီဈေးတွေက မြင့်တက်နေတော့ ရေကိုနှစ်တိုင်းလောင်းသလောက်ကြီး မလောင်းနိုင်တာပေါ့။ ဝယ်သုံးရတဲ့တောင်သူတွေ ဆိုတော့ ဈေး မနှစ်ကလို သက်သောင့်သက်သာဆိုရင်တော့ တောင်သူတွေမှာ သုံးပျော်တာပေါ့”ဟု ပြောသည်။

ကြက်သွန်သည် ရေကိုအမှီပြုနေရသည့် သီးနှံဖြစ်တာကြောင့် ရေလုံလောက်စွာမလောင်းနိုင်ပါက အလေးချိန် ပေါ့ခြင်း၊ အထွက်ခိုခြင်းများဖြစ်ကာ တောင်သူများအတွက် သီးနှံအရှုံးပေါ်ခြင်းနှင့် ဈေးကွက်အရှုံးပေါ်ခြင်းများ ကြုံရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြောင်းသီးနှံထွက်ပေါ်ပြီဖြစ်သဖြင့် ထပ်မံစိုက်ပျိုးချိန်တွင် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေဦးမည်ဆိုပါက စိုက်ဧကမှာ ပိုလျော့သွားနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သို့ ပြောသည်။

“စက်သုံးဆီဈေးတွေက ဒီလောက်ထိမြင့်တက်နေဦးမယ်ဆိုရင်တော့ အောက်က အခြေခံတောင်သူတွေကတော့ တော်တော့်ကို မလွယ်ဘူး။ ဒီတိုင်းဆက်သွားနေမယ်ဆိုရင်လေ။ ကျနော်တို့ ဧရာဝတီဆိုရင် ရေက ပြောင်းဆိုရင် လေးပတ် ငါးပတ်လောက်တင်ရတာပေါ့ တစ်ဧကကို အနိမ့်ဆုံး ၁ ပုံးလောက် ကုန်ကျတာဆိုတော့ စက်သုံးဆီဈေး နဲ့တင်ပဲ စိုက်စရိတ်က မနည်းကိုကျသွားမှာ။ အဲ့တော့ စက်သုံးဆီဈေးကတော့ ဒီတိုင်းဆက်သွားရင်တော့ တောင်သူတွေအဖို့ တော်တော်ကိုမလွယ်တဲ့အပေါက်ပဲ။ သူ့ဘက်ကတက်ပြီးတော့ ကိုယ့်ဘက်က သီးနှံဈေးက ပြန်တက်ရင်တော့ တောင်သူတွေကလုပ်နိုင်သေးတာပေါ့။ ဒီလိုမျိုးတက်ပြီးတော့ ပြောင်းဈေးက ဒီ့ထက်သာ အောက်ကျသွားရင်တော့ တောင်သူတွေကတော့ ပြောင်းကိုလုပ်ဖို့ဆိုတာ တော်‌တော်လေးကို မလွယ်မယ့် သဘော ရှိတယ်” ဟု ၎င်းက ပြောသည်။

တောင်သူများ စိုက်ပျိုးရေးအတွက် စက်သုံးဆီဝယ်ယူရာတွင် ၎င်းတို့အတွက် သီးသန့်သတ်မှတ်ပေးထားသည့် ဈေးမရှိကြောင်းနှင့်ပေါက်ဈေးအတိုင်းသာ ဝယ်ယူရခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။

ရခိုင်မှ စပါးစိုက်တောင်သူ ဦးအောင်ကျော်မြက“ကျနော်တို့ ရခိုင်တောင်သူတွေ အများကြီးစိုးရိမ်နေတာက စက်သုံးဆီဈေးပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာလည်း ကျွဲ၊နွားနဲ့ ထွန်တယ်ဆိုတာ မရှိတော့ဘူးလေ။ အကုန်လုံးကျနော်တို့ လယ်ထွန်တာတို့၊ ပြီးတော့မှ ရိတ်သိမ်းခြွေလှည့်တာတို့ နောက်ပြီးတော့မှ ကျနော်တို့ စပါးတွေကောက်လိုက်ပျိုးတာကအစ အကုန်လုံး ဒီဇယ်ဆီနဲ့ပဲလုပ်နေရတဲ့ အချိန်အခါမှာ ဒီဇယ်ဆီ တစ်သိန်း ကျော်ကျော်လောက်က လေးသိန်းလောက်ဖြစ်သွားပြီဆိုလို့ရှိရင် ကျနော်တို့ဘက်ကတော့ တော်တော့်ကို အခက်အခဲဖြစ်မှာသေချာပါတယ်။ စိုးလည်းစိုးရိမ်ပါတယ်” ဟု ပြောသည်။

ကြက်သွန်စိုက်ပျိုးရာတွင် ရေတစ်ခါလောင်းပါက တစ်ဧကလျှင် စက်သုံးဆီ ၁ လီတာဘူးဖြင့် ၁၀ ဘူးခန့် ကုန် ကြောင်း၊ ပြောင်းစိုက်ရာတွင် စတင်စိုက်ပျိုးရာမှ ရိတ်သိမ်းခြွေလှည့်သည်အထိ ၂၀ ဂါလံခန့် အသုံးပြုရကြောင်းနှင့် စပါးစိုက်ပျိုးရာတွင် တစ်ဧကအား ရိတ်သိမ်းခြွေလှည့်သည်အထိ ၁၀ ဂါလံဝန်းကျင်ခန့် အသုံးပြုရကြောင်း တောင်သူများထံက သိရသည်။

လက်ရှိတွင် ဒီဇယ်တစ်လီတာကို ၁၇၂၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ ၁၇၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၁၇၄၅ ကျပ်နှင့် အောက်တိန်း 95 တစ်လီတာ ၁၈၀၀ ကျပ် အထိပေါက်ဈေးရှိနေကာ တိုင်းဒေသကြီး ပေါ်မူတည်ကာ ဈေးနှုန်းများမှာ မတူညီကြောင်း သိရသည်။