CNI News

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

လုပ်ငန်းလိုင်စင် ရယူထားပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့‌ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)သို့ မှတ်ပုံ တင်ထားခြင်း မပြုရသေးသည့် ယာဉ်များအနေဖြင့် မတ်လ ၁ ရက်နေ့မှစတင်ကာ မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းကားများ၊ အကြို/အပို့ကားများသည် မှတ်ပုံတင်ထားခြင်း မရှိကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန် က CNI သတင်းဌာနသို့ ပြောသည်။

YRTC မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က “ရက်အကန့်အသတ် မရှိပါဘူး။ ဒါကတော့ ပုံမှန်လုပ်ပြီးတော့ ဆက်တိုက် မှတ်ပုံတင် ပေးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ မှတ်ပုံတင်ထားတဲ့ လိုင်စင်တွေ ကမ(၃) ယာဉ်လိုင်စင်တွေ လိုမယ်။ ပြီးတော့ လုပ်ငန်းလိုင်စင်ရယူထားတဲ့ လုပ်ငန်းလိုင်စင်တွေ အထောက်အထားတွေ အဲ့ဒါတွေ လိုအပ်မယ်။ မှတ်ပုံတင်တို့ ဘာတို့ အဲ့ဒါတွေ။ ပြီးတော့ နေရပ်လိပ်စာ သန်းခေါင်စာရင်း အဲ့ဒါတွေလိုအပ်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကျောင်း ကြို/ပို့ကားများကို တွေ့ရစဉ်

လုပ်ငန်းလိုင်စင် ရယူထားပြီး မှတ်ပုံတင်ထားခြင်း မပြုရသေးသည့် ယာဉ်များမှာ လူစီး ၅ ယောက်အထက် “ဂ” စင်းလုံးငှား ခရီးသည် ပို့ဆောင်ရေးယာဉ် ၇၂၅၈ စီး၊ “ဃ” ပဋိညာဥ် ကြို/ပို့ လုပ်ငန်းလိုင်စင် ရယူထားသော စက်ရုံအလုပ်ရုံ အပါအဝင် ကျောင်းနှင့် ခရီးသွား ကြို/ပို့ယာဉ် ၁၈၃၄ စီး၊ “င” ကိုယ်ပိုင်စီးပွားရေးအတွက် လုပ်ငန်းလိုင်စင် ရယူထားသော တင်အား ၂ တန်နှင့်အောက် ကုန်စည်တင်ယာဉ် ၅၉၁၇၄ စီး တို့ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးမည့် နေရာများမှာ “င” လုပ်ငန်းလိုင်စင်များအနေဖြင့် ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်း ဌာန ရုံးဝန်းအတွင်း ဖွင့်လှစ်နေသည့် ကုန်စည်ပို့ဆောင်ရေး ကြီးကြပ်မှုဌာနသို့ လာရောက် မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

ထို့အပြင် “ဂ” စင်းလုံးငှားလိုင်စင် လူစီး ၅ ယောက်အထက် ယာဉ်များနှင့် “ဃ” ပဋိညာဉ် ကြို/ပို့ လုပ်ငန်းလိုင်စင် ရယူထား သော ယာဉ်များသည် အမှတ်(၇) နံ့သာဖြူလမ်း၊ ၄ ရပ်ကွက်၊ ပုစွန်တောင်မြို့နယ်မှာ မှတ်ပုံတင်နိုင်ကြောင်း သိရသည်။