CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်မားမှုနှင့် ကုန်စည်ရှားပါးမှုတို့ကြောင့် မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတချို့ ရပ်နားလာကြကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရ သည်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် ယခင်နှစ်များတွင် ယခုလိုကာလသည် ကုန်စည်ပေါများပြီး လုပ်ငန်းလုပ်ကိုင်၍ ကောင်းသည့်အချိန်ဖြစ်သော်လည်း လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်မားနေသည့် အပြင် ကုန်စည်များနည်းပါးနေသည့်အတွက် ယာဉ်ပြေးဆွဲရသည့် အခေါက်ရေ လျော့နည်းလျက်ရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ခါတိုင်းဆို မနှစ်က ဒီလိုအချိန်မှာ ကျနော်တို့တွေ ကားတစ်စီးကို တစ်လကို ၃ ခေါက်လောက် ဆွဲတာပေါ့။ ကား တစ်စီးကို တစ်လဆွဲရင် ရန်ကုန် - မန္တလေး၊ ရန်ကုန် - တောင်ကြီး လမ်းကြောင်းမှာက တစ်လကို ၃ ခေါက် လောက် ရတာပေါ့။ ၃ ခေါက်တစ်ခြမ်းပေါ့ ရတယ်။ အခုကကျတော့ ၂ ခေါက်ကျော်ကျော်နဲ့တင် တက်နေတော့ ကျနော်တို့ မနှစ်ကထက်စာရင်တော့ ၃ ပုံ ၁ ပုံလောက်တော့ လျော့တာပေါ့။ ကျနော်တို့ ကားခတွေက မကိုက်ဘူး လေ။ မကိုက်တော့ တောင့်ခံရင်း ခံရင်းနဲ့ပဲ ခဏနားမယ်ကွာ ကြည့်လိုက်အုံးမယ်ဆိုပြီးတော့ ဖြစ်သွားတာ။ အမှန်ဆို ဒီအချိန်က အလုပ်ကောင်းတဲ့အချိန်ဗျ။” ဟု ပြောသည်။

ယနေ့ စက်သုံးဆီဈေးနှုန်းများသည် ဒီဇယ် တစ်လီတာလျှင် ၁၇၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၈၁၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီး ယာဉ်အပိုပစ္စည်းများ ဖြစ်သည့် အင်ဂျင်ဝိုင်၊ တာယာ စသည့် ပစ္စည်းများသည်လည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

စက်သုံးဆီစရိတ်မြင့်မားခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးစရိတ်များကို တိုးမြှင့်ရန်အတွက် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းရမည်ဖြစ်ပြီး ဒီ့အတွက်ကြောင့် ကုန်ဈေးနှုန်းမှာလည်း ကြီးမြင့်လာမည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း ဦးကျင်သိန်းက ဆက်ပြောသည်။

“ကျနော်တို့ကတော့ စက်သုံးဆီ ကြီးမြင့်တာရယ်ပေါ့၊ ကျနော်တို့ကို အလုပ်တွေပေးနေတဲ့လုပ်ငန်းရှင်တွေနဲ့ ကျနော်တို့တွေနဲ့ နည်းနည်း ညှိရမှာပေါ့နော်။ ကုန်စည်တွေလည်း နည်းပါး၊ စက်သုံးဆီတွေလည်း ကြီးမြင့် လာတယ်။ ကျနော်တို့ တန်ဆာခတွေ၊ သယ်ယူပို့ဆောင်စရိတ်တွေ နည်းနည်းလေးတော့ တက်ပေးမှရမယ် ပေါ့နော်။ အဲလိုတက်ပေးရင် တခြားမှာလည်း စားသုံးသူမှာလည်း ဈေးလေး နည်းနည်းကြီးလာမှာပေါ့။ အဲလို ပုံစံမျိုး ဖြစ်သွားမှာပေါ့။ လုံးဝကြီးရပ်သွားမယ့် အခြေအနေကတော့မရှိပါဘူး” ဟု သူက ပြောသည်။

စက်သုံးဆီများကို အဝေးပြေးကုန်စည်ပို့ဆောင်သည့် လုပ်ငန်းများအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများ အသင်းမှအထူးဆိုင်များဖြင့် ရောင်းချပေးနေသလို အဓိကကျသည့် ရန်ကုန်မြို့မှ တခြားတိုင်းနှင့် ပြည်နယ်များသို့သွားသည့် ပြည်ထောင်စုလမ်းမကြီးများတွင်လည်း ယင်းကဲ့သို့ ရောင်းချပေးသင့်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ က ပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်း၏ ၃ ပုံ ၁ ပုံခန့် သည် ကုန်စည်ရှားပါးမှုနှင့်တခြားသော အကြောင်းများကြောင့် ယာယီရပ်နားထားရကြောင်း သိရသည်။