CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

မြန်မာ့ရွှေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ၁၉ သိန်းကျော်အထိ မြင့်တက်လျက်ရှိပြီး ယူကရိန်း - ရုရှား အရေး ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်မားနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ယခုဈေးနှုန်းထက် မြင့်မားနိုင်ခြေ မရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်၍ ရွှေဝယ်ယူမှု မြင့်မားခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ၂၃ သိန်းနီးပါး မြင့်တက်ခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ယူကရိန်း - ရုရှားအရေးသည် ကမ္ဘာ့အရေးဖြစ်သည့်အတွက် ပြည်တွင်းရွှေဈေးအပေါ် အပြောင်းအလဲနှင့် သက် ရောက်မှု များပြားစွာ မရှိနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“ကျနော့်အတွေ့အကြုံအရဆိုရင် ၂၂ သိန်းတို့ ၂၂ သိန်း ၃ သောင်းတို့ ဖြစ်သွားတုန်းကတော့ ပြည်သူလူထုက ပေါ့ နော် ပြည်တွင်းမှာနေတဲ့ ပြည်သူလူထုက ကြောက်တာပေါ့နော်။ သူတို့ရဲ့ ကြောက်စိတ်ကြောင့်ရော ဒီလိုမျိုး တက် သွားတာပေါ့နော်။ အခု ယူကရိန်းနဲ့ရုရှားဖြစ်တဲ့ ပြဿနာမှာတော့ ကမ္ဘာ့အရေး ဖြစ်သွားတာပေါ့။ ကမ္ဘာ့အရေး ဖြစ်သွားတဲ့အတွက် ဒါကို တွေးပြီးကြောက်တဲ့သူတွေကတော့ မရှိဘူးလားဆိုတော့ ရှိတယ်။ သို့သော်လည်းပဲ လောလောဆယ်တော့ ဝေးနေသေးတယ်။ အလှမ်းဝေးနေသေးတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ဟိုတစ်ခေါက်က တက်သွားသလောက်တော့ ကြောက်စိတ် မများသေးဘူး။ အဲဒီအတွက်ကြောင့် အခုလောလောဆယ်ကတော့ ဈေးအဲဒီလောက် မတက်နိုင်သေးဘူးလို့တော့ ထင်တာပဲဗျ။ သိပ်မတက်နိုင်သေးပါဘူး” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၁၉ သိန်း ကျော် အထိ မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိရသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းလိုအားများပြီး ဝယ်လိုအား နည်းပါးသည့် အခြေအနေဖြစ်နေပြီး ရွှေဈေးနှုန်း ၁၉ သိန်းကျော်အထိ မြင့်တက်နေခြင်းသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“ကျနော်တို့ဆီမှာတော့ဗျာ အခုလောလောဆယ်ကတော့ အရောင်းများတယ်ဗျ အဝယ်နည်းတယ်။ ဈေး တက်တယ်ဆိုတာလည်း ကျနော်တို့ ကမ္ဘာ့ဈေးတက်လို့ တက်တဲ့သဘောပါပဲ။ ဈေးကွက်မှာ ကျနော်တို့ နယ် ကလည်း ဝင်တယ်ဗျာ။ တွင်းတူးရာသီဖြစ်တဲ့အတွက် အဲဒီကလည်း ပစ္စည်းဝင်တယ်။ နောက် ဆိုင်တွေကလည်း ဝင်တယ်။ အဲလို ဝင်တဲ့ဟာတွေမှာ တအားများတယ်ပစ္စည်းက။ ဈေးတက်တာကတော့ ဝယ်လိုအားများလို့ ဈေး တက်တာ မဟုတ်ဘူးဗျ။ ကျနော်တို့ ကမ္ဘာ့ဈေးတက်လို့ တက်တဲ့သဘောပါပဲ” ဟု CNI သို့ ပြောသည်။

ထို့အပြင် ယူကရိန်းနှင့် ရုရှားအရေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း အမြင့်ပိုင်းသို့ ရောက်ရှိနိုင်ကြောင်း သုံးသပ်မှု များ ရှိသော်လည်း လက်ရှိတွင် ပြည်တွင်း၌ ရွှေလုံလောက်စွာ ရှိနေသည့်အတွက် ရွှေဈေးနှုန်း အဆမတန် မြင့် တက်မည် မဟုတ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းအရာ များသည် ကမ္ဘာ့ရွှေဈေးတစ်ခုတည်းက မြင့်တက်ခြင်းကြောင့်သာဖြစ်ကာ ပြည်တွင်းရွှေဈေးနှုန်း အဆမတန် မြင့် တက်ခြင်း ဖြစ်ပွားမှုကိုတော့ ထိန်းချုပ်နိုင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဦးမျိုးမြင့်က “လက်ရှိမှာ ရွှေက အလွယ်တကူ ဝယ်လို့ ရနေလို့လေ။ ပြီးခဲ့တဲ့လတုန်းက ၂၂ သိန်းဖြစ်တယ် ဆိုတာ က ကျနော်တို့ ရွှေတွင်းတွေကလည်း မိုးတွင်းဆိုတော့ တွင်းတွေ ပြိုတယ်။ နောက် သယ်ယူပို့ဆောင်ရေးမှာလည်း လမ်းကြောင်းတွေက ကျနော်တို့ ဂိတ်တွေက တအားများတယ် အစစ်အဆေးတွေ များတယ်။ နောက် ဆိုင်တွေက လည်း ကိုဗစ်ကြောင့် ပိတ်ထားတာများတယ်။ နောက် သန့်စင်တဲ့ လုပ်ငန်းတွေမှာလည်း ကျနော်တို့ နိုက်ထရစ် အက်စစ်တို့ ကြေးနီတို့က ပြတ်နေတယ်ပေါ့။ အဲဒါတွေကြောင့် ရွှေက တအားရှားသွားတာ။ နောက် ဘဏ်ကလည်း ကောလဟလဖြစ်တယ်။ နောက် ဒေါ်လာကလည်း တက်တယ်ပေါ့ဗျာ။ အဲဒီအပတ်တုန်းက ကျနော်တို့က လိုင်း ပေါင်းစုံသွားတယ်ပေါ့။ အခုဟာကျတော့ ကမ္ဘာ့ဈေးတက်တာ တစ်ခုတည်းဗျ။ ကမ္ဘာ့ဈေးတက်တာ တစ်ခုတည်း ကျတော့ ကျနော်တို့ထိန်းလို့ရပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မြန်မာနိုင်ငံ၏ ရွှေဈေးနှုန်းများသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၁၉၄၀၀၀၀(ဆယ့်ကိုးသိန်းလေးသောင်း) ကျပ်ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၇ ဈေးနှုန်းရှိသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးသို့ တစ်နေ့လျှင် ရွှေပိဿာချိန် ၂၀ မှ ၅၀ ကြား နေ့စဉ်အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။