CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
မြစ်ကြီးနား - ပူတာအိုလမ်း ပိတ်ထားသည့်အတွက် ပူတာအိုမြို့ရှိ စက်သုံးဆီဆိုင်ကြီးများ ရောင်းချရန် ဆီ ပြတ် လပ်နေပြီး လူနာပို့ဆောင်ရေးလမ်းကြောင်းများမှာလည်း အခက်အခဲများဖြစ်နေကြောင်း ပရဟိတလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ပူတာအိုမြို့မှ ပန်းဥယျာဉ် ပရဟိတအဖွဲ့မှ ကိုဒီပန်က “ဆီ က ရောင်းကို မရောင်းပေးတာ ဆီဆိုင်တွေက။ ဆီက မရှိတော့ဘူး။ ကျနော်တို့က အခုလောလောဆယ်က ကားတွေလည်း မထွက်ရဘူးဖြစ်နေတယ်။ ကားဆွဲရဖို့လည်း ဆီကမရှိဘူး။ အခက်အခဲရှိတယ် ကျနော်တို့ ပရဟိတလုပ်ငန်းလည်း အခက်အခဲရှိတယ်။ ကျနော်တို့ အတတ်နိုင် ဆုံးကြိုးစားပြီးမှ ကြိုးစားလုပ်ဆောင်ပေးပါတယ်။ ကျနော်တို့ လောလောဆယ်က ရပ်တန့်ထားတာ။ အခုလည်း နာရေးတစ်ခုကို ပို့နေတာ” ဟု CNI သတင်းဌာန သို့ ပြောသည်။
ပူတာအိုရှိ စက်သုံးဆီဆိုင်ကြီးများတွင်ရောင်းချရန် ဆီမရှိသည့် အခြေအနေ ဖြစ်နေသည့်အတွက် ဆီဆိုင်ကို ပိတ်ထားရသည်မှာ ၃ ရက်ခန့် ရှိပြီဟုလည်း ဆီဆိုင်တာဝန်ရှိသူတစ်ဦးကလည်း CNI သို့ ပြောသည်။
“ဆီဆိုင်ကတော့ ပိတ်ထားတယ်အစ်မရေ။ ကျနော်တို့ဆိုင်က ပိတ်ထားတာ ၃ ရက် ၄ ရက်လောက် ရှိပြီ။ လောလောဆယ်တော့ ဆီကတော့ မရှိဘူး။ ဆီမရှိတဲ့ဟာကို ကျနော်တို့ ဆိုင်က လုံးဝကို ရောင်းစရာမရှိတဲ့ပုံစံမျိုး ဖြစ်နေလို့ ကျနော်တို့က အဲလိုလေး ပိတ်ထားတာ” ဟု ဆို သည်။
ယခင်က ပူတာအိုမြို့တွင် စက်သုံးဆီဈေးနှုန်းများသည် တစ်လီတာ ၁၀၀၀ ကျပ်ကျော်သာ ရှိသော်လည်း လက်ရှိ တွင် ဈေးနှုန်းမြင့်တက်ကာ ၅၀၀၀ ကျပ်ကျော်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။
ဒါ့အပြင် မြို့ပေါ်ရှိ ဖွင့်လှစ်ပေးထားသည့် ဆီဆိုင်တချို့တွင်လည်း ခွဲတမ်းဖြင့်သာ ရောင်းချပေးနေရသည်ဟုလည်း ပူတာအို ဒေသခံတစ်ဦးဖြစ်သူ ဦးဘရန်ရှောင်က ပြောသည်။
“ကျနော်တို့တော့ မသုံးရုံပဲ ရှိတော့တာပေါ့။ ရှိတဲ့သူတွေက ဇွတ်ဝယ်တော့ မရှိတဲ့သူက ဒုက္ခရောက်ဖို့ပဲ ရှိတာပေါ့။ အမှန်တော့ သူတို့ အဲဒီဆိုင် အောက်ဆိုက်မှာလည်း သူတို့ စက်သုံးဆီဆိုင်ပဲ။ သူတို့ကတော့ ဆိုင်ကယ်နဲ့လာတဲ့သူ တွေကို အရေးပေါ် တစ်ရက်ဆို နှစ်လုံးဆို နှစ်လုံး အဲလောက်တော့ ရောင်းပေးသင့်တာပေါ့။ အခုကတော့ ဟိုး ၂၀၁၈ တုန်းကလည်း အဲလို တစ်ခါ ဖြစ်ဖူးတယ်။ ၈၀၀၀ - ၁၀၀၀၀ အထိ ဖြစ်သွားတယ်။ အခုလည်း အဲဒီ အခြေ အနေ ရောက်သွားမယ့်သဘောရှိတယ် လမ်းကမပွင့်ရင်။ အေးဂျင့် နှစ်ဆိုင် သုံးဆိုင်ကတော့ ဆီနည်းနေလို့ ပိတ် သွားပြီ။ တစ်ဆိုင်ကတော့ ရောင်းပေးသေးတယ် ခွဲတမ်းနဲ့။ နောက်နှစ်ရက်လောက်ဆို မရောင်းပေးတော့ဘူး သူတို့လည်း” ဟု ပြောသည်။
ယင်းသို့ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊ ဝယ်ယူရန် ခက်ခဲခြင်းကြောင့် ကျေးရွာများမှတဆင့် မြို့ပေါ်သို့ လာရောက် ရောင်းချနေသည့် ဈေးသည် ၉၀ ရာခိုင်နှုန်းနီးပါး လျော့နည်းသွားကြောင်းနှင့် ကုန်ဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်လာကြောင်း မနက်ခင်းဈေးတွင် ရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဘယ်လိုရင်ဆိုင်နေရလဲဆိုတော့ အားလုံး လမ်းလျှောက် သွားနေရတာလေ။ လုံးဝ ဝယ်လို့မရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ တချို့ရှိတဲ့သူတွေကလည်း သူတို့အိမ်သုံးဘာသုံး ချန်ထားတာပေါ့။ အရင်က လမ်းဘေးမှာ ရောင်းတဲ့သူတွေ ရှိသေးတယ်။ အခုဟာက လမ်းဘေးမှာရောင်းချတဲ့သူတောင် မရှိတော့တာ။ တချို့ဆိုင်တွေက မနက်ခင်းဈေး လာရောင်းတဲ့သူတွေ ဆီဈေးတက်တော့ မလာနိုင်တော့ မနက်ခင်းဈေးလည်း မထွက်နိုင်ကြတော့ ဘူးပေါ့နော် အဲလိုမျိုးတွေ ဖြစ်ကုန်တာပေါ့။ တော်တော်များများ ရာခိုင်နှုန်း ၉၀ လောက် ရပ်သွားတာပေါ့။ စက်သုံးဆီဈေးနှုန်းကတက်တော့ ကားခတက်တော့ အကုန်လုံး တက်ကုန်တာပေါ့” ဟု ပြောသည်။
ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိပြီး မြို့အဝင်ဂိတ်များအား ပိတ်ထားသည့်အတွက် စက်သုံးဆီများ ပြတ်လပ်နေခြင်းဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။