CNI News
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ
နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခြင်းအား မတ်လနောက်ဆုံးပတ် သို့မဟုတ် ဧပြီလဆန်းတွင် စတင်စေလွှတ်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းသို့ MOU ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်နိုင်ရေးကိစ္စ နှောင့်နှေးနေရခြင်းသည် ထိုင်းဘက်တွင် ကွာရန်တင်း စင်တာများ အဆင်သင့် မဖြစ်သေးသည့် အတွက်ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “ကျမတို့နောက်ဆုံး ထိုင်းနဲ့ မြန်မာပေါ့နော်၊ အလုပ်သမားဝန်ကြီးဌာန ညွှန်ချုပ်တွေ အစည်းအဝေးလုပ်တဲ့အခါမှာ သူတို့က မဲဆောက်ဘက်မှာ ၅၀၀ ပဲ ရှိသေးတယ်။ ရနောင်းဘက်မှာကျ ၂၀၀၀ လောက်ရှိတယ်။ ကျမတို့က အများဆုံးလွှတ်မှာက မဲဆောက်ဘက်ကလွှတ်မှာ။ အဲ့တော့ မဲဆောက်ဘက်မှာ ၅၀၀ ဆိုရင် ကျမတို့ဘက်က သွား မယ့် အရေအတွက်နဲ့က မလောက်သေးဘူး။ သူတို့ကတော့ ထပ်မံတိုးချဲ့ဖို့အတွက် လုပ်နေတယ်ပေါ့။ အခုဟာက ဟိုဘက်က ကွာရန်တင်းစင်တာတွေက အသင့်မဖြစ်သေးတဲ့ ကိစ္စပေါ့။ နောက် demand တွေမှာ ကျမတို့ တောင်းဆိုထားတဲ့ အချက်တွေ မပါသေးဘူးပေါ့။ အခုတော့ ပါနေပြီပေါ့။ ဒါပေမယ့် အခု ပါတဲ့ demand တွေ ပါတယ်ပေါ့။ အဓိကကတော့ ကွာရန်တင်း စင်တာတွေ အဆင်သင့် မဖြစ်သေးဘူး။ အဲ့ဒါကြောင့်မို့ မလွှတ်နိုင်သေးတာ။ ဒါပေမယ့် ကျမတို့ အခုမှန်းထားတာကတော့ သူတို့လည်း ကွာရန်တင်းစင်တာ အသင့်ဖြစ်ပြီဆိုရင် မတ်လ နောက်ဆုံးအပတ်၊ ဧပြီလဆန်းပေါ့။ အဲ့လောက်မှာ စလွှတ်နိုင် မယ်လို့ မှန်းပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်း မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
ထိုင်းနိုင်ငံသည် အလုပ်သမားလိုအပ်ချက် များပြားနေသည့်အတွက် ဘက်ပေါင်းစုံမှ အလုပ်သမား ၈၀၀၀၀၀(ရှစ်သိန်း) ဝန်း ကျင်ကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ခေါ်ယူရန်ရှိသည်။ ထိုအထဲကမှ MOU စနစ်ဖြင့် ၅၀၀၀၀၀(ငါးသိန်း)နီးပါး ခေါ်ယူရန် ရှိသည်။
MOU စနစ်ဖြင့် ငါးသိန်းနီးပါး ခေါ်ယူမည့်အထဲတွင် မြန်မာနိုင်ငံမှ အလုပ်သမားဦးရေသည် အခြားနိုင်ငံများထက် ပိုများ ကြောင်း သိရသည်။
လက်ရှိတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ကာ ထိုင်းဘက်မှ Demand letter များအား မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီး ဌာနကနေ လက်ခံလျက်ရှိကြောင်း၊ အလုပ်သမားများအတွက် တောင်းဆိုထားသည့် အချက်အလက်များ အပြည့်အစုံ ပါရှိ သော Demand letter အရေအတွက်မှာ ၁၀၀၀ ခန့်ရှိကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။
၎င်းက “ဒီအလုပ်ရှင်၊ အလုပ်သမား EC စာချုပ်မှာ သူတို့ဘက်ကနေမှ ကွာရန်တင်းကို ခံပေးရမယ်။ ကျန်းမာရေး အာမခံ အဲ့ဒါ တွေ သူတို့ဘက်က ကျခံပေးရမယ့်ဟာ အလုပ်ရှင်က ကျခံပေးပြီးတော့ အလုပ်သမားတွေဆီက မဖြတ်ပါဘူးဆိုတဲ့ ဝန်ခံကတိ အဲ့လိုဟာမျိုးကို ပါရမယ်။ အဲ့ဒီအပေါ်မှာ ထပ်ပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်ဌာနပေါ့လေ။ အဲ့ကနေမှ တံဆိပ်တုံးထု ပြီးတော့ အဲ့ဒါနဲ့ ပြန်ပို့ရမယ်။ ဟိုအရင်တုန်းကကျတော့ အဲ့ဒီအချက် ၃ ချက်က မပါဘူး။ အခုအခါမှာ ကျမတို့က ထပ်ပြီး တောင်းဆိုတဲ့ အတွက်ကြောင့်မို့လို့။ ကိုယ့်ရဲ့အလုပ်သမားတွေ ဒီအလုပ်ခွင်မှာ မနစ်နာစေဖို့အတွက် ကျမတို့က သူတို့ကို ဒါတွေ တောင်းဆိုတဲ့ အတွက်ကြောင့် ပြန်ပြီးတော့ အဲ့ဒါကို ဖြည့်ပေးရတယ်။ အဲ့ Demand တွေက ကျမတို့ ပြန်စစ်တဲ့အခါမှာ မပါတဲ့ဟာတွေ ရှိတာပေါ့။ အဲ့အချက် ၃ ချက် မပါတဲ့ဟာတို့ မပြည့်စုံတဲ့ဟာတို့ဆို ပြန်လုပ်ခိုင်းတာပေါ့ ပြည့်စုံအောင်”ဟု ပြော သည်။
ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် တရားဝင် ခွင့်ပြုချက်ရထားသည့် လိုင်စင်ရ အေဂျင်စီအရေအတွက်မှာ ၁၁၄ ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
သို့သော် လိုင်စင်ရ အေဂျင်စီများ အနေဖြင့် ဝန်ဆောင်စရိတ် ကောက်ခံရာတွင် တစ်ဦးကို ယခင်က ငွေကျပ် တစ်သိန်းခွဲသာ ကောက်ခံသော်လည်း ယခုအခါတွင် ငွေကျပ် သုံးသိန်းကောက်ခံရန် သတ်မှတ်ထားကြောင်း သိရသည်။