CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်နယ်စပ်ကုန်သွယ်ရေးရှိ ကုန်ပစ္စည်းများအား ဝယ်လိုအား သိသိသာသာ နည်းသွား သည့်အပြင် ဈေးကစားမှုများရှိနေကြောင်း ရခိုင်နယ်စပ်ကုန်သည်များက ဆိုသည်။

ယခင်က စက်လှေဖြင့် ကုန်တင်ပို့မှုသည် ၁၀၀ ရာခိုင်နှုန်းခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့်သာ တင်ပို့မှုရှိကြောင်းနှင့် ကုန်တင်ပို့ရာတွင်လည်း ခေါ်ထားသည့်ဈေးနှင့် ကုန်ပစ္စည်းရောက်ရှိလာသည့် ဈေးတို့မှာ ကွာခြားမှုများရှိနေသည့်အတွက် နစ်နာမှုများရှိကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည် ကိုကျော်ဝင်းထွန်းက “ကုန်သွယ်ရေးက ဟိုဘက်က ဝယ်လိုအားလည်း သိပ်မကောင်းလို့ ကျဆင်း နေပါတယ်။ အရောင်းအဝယ်ကသိပ်မကောင်းဘူး ဟိုဘက်မှာ။ ဟိုဘက်က ဈေးခေါ်ထားတာတစ်ခု၊ ရောက်ခါနီး ရင် သွင်းသွားပြီဆိုပြီးတော့ ဖြစ်တာတစ်ခုနဲ့ မြန်မာဘက်က ကုန်သည်တွေက နစ်နာတာများပါတယ်။ ဈေးကွက် ခိုင်မာမှုမရှိလို့လေ။ ကျနော်ဒီဘက်က ဝယ်သူဈေးကွက်မဖြစ်ရင်တော့ ရောင်းသူဈေးကွက်က ဖော်ဆောင်လို့ မရဘူး။ အဲဒါကြောင့် သူတို့ကို သွား‌ပေးရတာပေါ့ သူတို့အမှာစာတွေနဲ့။ သွားပေးတော့ ရောက်ရှိတဲ့အချိန်ကျတော့ ကုန်ပစ္စည်းအများကြီး ဝယ်မယ်ဆိုပြီးတော့ သူတို့က ကုန်မရောက်ဘဲနဲ့ ငွေပေးချေတာမျိုးလည်းမရှိဘူးလေ။ အခုက ဖုန်းတွေ viber တွေကနေ ပြပြီးတော့ ပစ္စည်းတွေပို့ပေးလိုက်တယ်။ သူတို့ရဲ့ဆိပ်ကမ်းကိုရောက်ပြီးမှ သူတို့ ပြောတာက နံပါတ် ၁၊ ပါလာတာက နံပါတ် ၁၊ ၂၊ ၃ ရောပါလာတယ် ဘာညာဆိုရင် ပြန်သယ်ထုတ်လာခဲ့လို့လည်း မရဘူး။ အဲ့လိုမှာ ၁၀၀ မှာ ၉၀ ဖြစ်သွားတာတွေ ၈၀ ဖြစ်သွားတာတွေရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတခုကို တွေ့ရစဉ်

လက်ရှိတွင် ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ အဓိကပို့ကုန်များဖြစ်သော ကြက်သွန်နီနှင့် ရေထွက်ကုန်များအပြင် အခြားကုန်ပစ္စည်းများအားလုံးကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝယ်လိုအားကျဆင်းနေခြင်းဖြစ်သည်။

ကုန်သည်များအနေဖြင့်လည်း လက်ရှိ နယ်စပ်ကုန်သွယ်ရေးအခြေအနေပေါ် အားရကျေနပ်မှုမရှိကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှုအား ခိုင်မာမှုတစ်ခုရှိစေချင်ကြောင်း ပြောသည်။

လက်ရှိတွင် ရခိုင်နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှု ကျဆင်းနေသည့်အတွက် အခြားကုန်ပစ္စည်းများအား ပြောင်းလဲကုန်သွယ်ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “စစ်တွေမှာအခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကိုလည်း ကျနော်တို့နဲ့ ညှိနှိုင်းနေပါတယ်။ သူတို့ဘက်က တခြားပို့ကုန် အမယ်သစ် တွေပေါ့လေ ဘယ်ဟာတွေ သူတို့လိုချင်လဲ။ အဲဒါတွေ သူတို့အချိတ်အဆက်ရအောင်ဆိုပြီးတော့ ညှိနှိုင်းနေတဲ့ အနေအထားတွေတော့ ရှိပါတယ်။ အဓိကကတော့ ကြက်သွန်ကတော့ကျဆင်းသွားတယ်။ ‌ရေချိုငါးတင်ပို့မှုက လည်း အနည်းအကျဉ်းတော့ ကျဆင်းတယ်လို့သိရပါတယ်။ ကုန်သွယ်မှုပမာဏ ပြန်လည်တိုးတက်လာဖို့အတွက် ကတော့ အဓိကကတော့ ပို့ကုန်အမယ်သစ်တွေပို့နိုင်ဖို့ လိုပါတယ်”ဟု CNI သို့ ပြောသည်။

ကုန်တင်ပို့မှုများ ကျဆင်းနေသည့်အတွက် ကုမ္ပဏီများ၊ ကုန်သည်များနှင့် ၎င်းတို့အား မှီခိုနေရသည့် အလုပ်သမား များ၊ ကုန်တင်ကုန်ချ နေ့စားအလုပ်သမားများ စသည်တို့အပေါ်တွင် သက်ရောက်မှုများရှိကြောင်း ကုန်သည်များ က ပြောသည်။