CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၂၂

ရုရှား-ယူကရိန်း အကျပ်အတည်းကြောင့် စစ်ဖြစ်လာမည်ကို အနောက်အုပ်စု စိုးရိမ်နေ၍ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များ ဖေဖော်ဝါရီ ၂၂ ရက် ပြန်ဖွင့်ချိန်မှာ ရင်းနှီးမြှုပ်နှံသူများသည် တုန်လှုပ်ခြောက်ခြားစရာ နေ့တစ်နေ့ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရကြောင်း ရိုက်တာက ဖော်ပြထားသည်။

ရုရှားသမ္မတ၏ ရှည်လျားလှသည့် ရုပ်သံမိန့်ခွန်းထဲတွင် ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ဆက်နှင့် လုဟန်ဆက် ခွဲထွက်ဒေသနှစ်ခု ကို သီးခြားလွတ်မြောက်နယ် မြေများအဖြစ် အသိအမှတ် ပြုခဲ့ကြောင်း၊ ယူကရိန်းသည် ရုရှားသမိုင်းတွင် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ တင်းမာမှုဂယက်သည် ယခုနှစ်အတွင်း ကမ္ဘာ့ဈေးကွက် အသီးသီးသို့ ရိုက်ခတ်သွားခဲ့ပြီး ရုရှားနှင့်ယူကရိန်း ပိုင်ဆိုင်မှု တန်ဖိုးများထဲမှ ဒေါ်လာဘီလီယံ ပေါင်းများစွာ နစ်နာသွားခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နောက်ပိုင်း အခြေအနေ ပိုဆိုးလာမည်ဟု မှန်းဆနေကြသည်။

“မနက်ဖြန်(ဈေးကွက်ထဲမှာ) ဆိုးရွားတဲ့ နေ့တစ်နေ့ ဖြစ်လိမ့်မယ်။ ကျနော်တို့ မဖြစ်နိုင်ဘူးလို့ မျှော်လင့်ခဲ့မိပေမယ့် အခုတော့ သိသာတဲ့ ဆုတ်ယုတ်မှုခြေလှမ်း စတင်နေပါပြီ” ဟု လန်ဒန်မြို့ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ထဲမှ အစုရှယ်ယာမန်နေဂျာ ဗစ်တာဇာဘိုက ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်နဲ့ ပူတင်ကိုတွေ့ရစဉ်(GETTY IMAGES)

 

ဂျာမနီ၊ ပြင်သစ် ခေါင်းဆောင်များနှင့် ဖုန်းခေါ်ဆိုအပြီး ရုရှားသမ္မတ ပူတင်က ၎င်း၏ဆုံးဖြတ်ချက်ကို ရုပ်သံလိုင်းမှ တိုက်ရိုက် ကြေညာလိုက်ချိန်အထိ ရုရှားဈေးကွက်များမှာ ပွင့်လင်းနေဆဲဖြစ်သည်။

ရုရှားသုံး ရူဘယ်ငွေကြေး အရှုံးပေါ်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိသော်လည်း မော်စကို၏ စတော့ဈေးကွက်ကတော့ တစ်နှစ် ကျော်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

ယူကရိန်း ခွဲထွက်ရေး သူပုန်များ၏ ထိန်းချုပ်နယ်မြေများကို ပူတင်က အသိအမှတ် ပြုလိုက်ခြင်းကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည်ဟု ဖေဖော်ဝါရီ ၂၂ ရက် ပုံမှန်ဈေးကွက် မဖွင့်မီတင် ကုန်သည်များကို ဩစတြေးလျ ဓနသဟာယဘဏ်မှ လေ့လာသုံးသပ်သူများက သတိပေးခဲ့သည်။
“အခုအခါမှာ ငွေကြေးဈေးကွက်ထဲ ပါနေတဲ့သူတွေဟာ အမေရိကန်နဲ့ ဥရောပတို့က တုံ့ပြန်မှုကို စောင့်ပြီး နားစွင့်နေကြပါ တယ်” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ တုံ့ပြန်မှုသည် ပိတ်ဆို့အရေးယူမှု ပုံစံသစ်ဖြင့် ထွက်ပေါ်လာမည် ဟု မျှော်လင့်ရသည်။

အခြားအဆင့်များ အနေဖြင့် ပထမဦးစွာ ထွက်ပေါ်လာနိုင်သော်လည်း အထိနာစေရေး အရေးယူမှုတချို့၌ ရုရှားအစိုးရ၏ ငွေချေးစာချုပ်များ ကိုင်ဆောင်ထားသော ရုရှားဘဏ်များကို SWIFT ဘဏ်စနစ်မှ ဖြတ်တောက်ခြင်း၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်နှင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများမှ လုံးဝတားမြစ်ရန် အမိန့်ပေးခြင်းတို့ ဖြစ်လာနိုင်စရာရှိသည်။

ပူတင်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန် ချမှတ်ရန်နှင့် ယူကရိန်းနှင့်အတူ ရပ်တည်ပေးရန် ဗြိတိန်နှင့် EU တို့ ပူးပေါင်းရေး သဘောတူခဲ့ကြကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်က EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘောဝဲလ်နှင့် တွေ့ဆုံပြီးနောက် တွစ်တာလူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Source: Reuters