CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

မြန်မာ့သရက်သီးကို လေကြောင်းလိုင်းမှတဆင့် တင်ပို့ရန် တရုတ်နိုင်ငံဘက်မှ ကမ်းလှမ်းမှုများရှိသော်လည်း သယ်ဆောင်ခဈေးနှုန်း မြင့်မားနေမှုကြောင့် တင်ပို့နိုင်ရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ သရက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

လက်ရှိတွင် သရက်သီးတင်ပို့ချိန်ရောက်ရှိသည့်အခါ တင်ပို့နိုင်ရန်နှင့် ဈေးကွက်ကောင်းရရှိရန်အတွက် အရည် အသွေးပိုင်းကို ကောင်းမွန်စေရန် အဓိကထား လုပ်ဆောင်နေကြောင်း မန္တလေး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက CNI သတင်းဌာနသို့ ပြောသည်။

“တရုတ်ပြည်ဘက်ကိုတော့ လေကြောင်းလိုင်း သွားလို့ရမလားဆိုပြီးတော့လေ လေကြောင်းလိုင်းဘက်မှ ကမ်းလှမ်းတာမျိုးတွေတော့ ရှိတယ်။ ဒါပေမယ့် ဈေးတွေ တအားကြီးနေတယ်။ အဲတော့ ဈေးတွေ တအား ကြီးနေတော့ ဒီဘက်ကသွားမယ့် ဝယ်သူတို့ ဘာတို့ကလည်း ဘာလုပ်ရမှန်းကို မသိဘူး ဖြစ်နေတယ်။ ဒါပေမယ့် အကျိုးအကြောင်းတစ်ချက်တော့ စောင့်ကြည့်ရမှာပါပဲ။ ဒါပေမယ့် အနီးကပ် အခြေအနေကျမှပဲ ဗြုန်းဆို ကောင်း ချင်ရင်လည်း ကောင်းသွားမှာပဲလေ။ ကိုယ်ကတော့ ဘာမှတော့ သိပ်ပြီး မပြောနိုင်သေးပါဘူး။ ကိုယ်က လုပ်ထား ရမှာတော့ အရည်အသွေးအကောင်းဆုံးကိုတော့ လုပ်ဖို့တော့ ကိုယ်က အကုန်လုံး ကြံထားရမှာပါ” ဟု ပြောသည်။

ထို့နောက် စင်ကာပူနိုင်ငံသို့ ရေကြောင်းလမ်းဖြင့် မြန်မာ့စိန်တစ်လုံး သရက်သီးများကို နှစ်စဉ် တန်ချိန် ၁၀၀ ကျော် တင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် စင်ကာပူမှ အမှာစာများ ရောက်ရှိမလာသေးကြောင်းနှင့် အမှာစာရောက်ရှိသည့်အခါတွင် အအေးခန်းကွန်တိန်နာ အခက်အခဲ မရှိပါက တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် သရက်စိုက်တောင်သူများအတွက် မြေဩဇာ၊ ပိုးသတ်ဈေး စသည့် သွင်းအားစုစရိတ်များသည် ယခင်နှစ်များထက် နှစ်ဆနီးပါး မြင့်တက်နေခြင်းကြောင့် တောင်သူတချို့မှာ သရက်ပင်များကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အားနည်းသွားသည်များလည်း ရှိကြောင်းသိရသည်။

ဒါ့အပြင် လက်ရှိတွင် သရက်သီးများကို စွပ်သည့် အိတ်အစွပ်များလည်း ဈေးနှုန်းမြင့်တက်နေသည့်အပြင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်ပတ်သက်ပြီး တိကျသေချာသည့် အခြေအနေကိုလည်း မသိရှိရသေးကြောင်း ဒေါ်သန်းသန်းဆွေက ဆက်ပြောသည်။

“ဒီနှစ်ကတော့ ဘာလုပ်ရမှန်းမသိဘူး။ အိတ်တွေကလည်း စွပ်ဖို့ စွပ်အိတ်တွေလည်း ဝယ်လို့ သိပ်မလွယ်ဘူး။ ခါတိုင်းဆိုရင် တရုတ်ဘက်က လာတယ်ဆိုရင် ဈေးသက်သက်သာသာနဲ့ရတယ်။ ၂၀ ကျော်နဲ့ရတယ်။ အခုဆို ၃၀ ကျော် ၄၀ လောက်ဖြစ်တယ်။ နောက်တစ်ခုကလည်း တရုတ်ပြည်ဘက်က ဖွင့်မဖွင့် အန်တီတို့ဘက်က ဘာမှကို မသိရသေးဘူး။ အဲတော့ ဈေးကွက်က ဘာမှန်းကို မပြောတတ်တော့ပါဘူး။ ဒါပေမယ့် ဈေးကွက်ကလည်း မတော် တဆ ဆိုရင် ဗြုန်းဆို ကောင်းချင်ရင်လည်း ကောင်းသွားမှာလေ” ဟု CNI သို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သရက်စိုက်ဧက နှစ်သိန်းငါးသာင်း ခန့်ရှိပြီး သရက်သီးထွက်ရှိမှုနှုန်း တန်ချိန်သည် ၆.၆ သိန်း ကျော်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း) တို့ တွင် အများဆုံးစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သရက်သီးတင်ပို့မှု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၄၇၁၀၀.၀၄ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၉.၀၈ သန်းရှိကြောင်း သိရသည်။