CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရာတွင် တပတ်လျှင် မြန်မာ အလုပ်သမား ၂၅၀၀ ခန့်သာ စေလွှတ်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

ထိုအလုပ်သမားများအားစေလွှတ်ရာ၌ လက်ရှိသည် ကိုဗစ်ကာလဖြစ်သည့်အတွက် မြဝတီ-မဲဆောက်တွင် ကွာရန် တင်း ၅၀၀ ခန့်၊ ရနောင်း-ကော့သောင်းတွင် ကွာရန်တင်း ၂၀၀၀ ခန့်သာရှိသဖြင့် ယခုကဲ့သို့ စေလွှတ်မှာဖြစ် ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့သွားရောက်ရာတွင် မြန်မာဘက်မှ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားရမည်ဖြစ်ပြီး PCR test စစ်ဆေး ခြင်း၊ ထိုင်းဘက်သို့ လွှဲပြောင်းရာတွင် ATK test စစ်ဆေးခြင်းတို့လုပ်ဆောင်ပြီးမှသာ ကွာရန်တင်းစင်တာသို့ ပို့ဆောင်မည်ဖြစ်ကာ တစ်လမှ ၃ ကြိမ်သာ စေလွှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက“သူတို့ကတော့ ကွာရန်တင်းစင်တာတွေ တိုးချဲ့မယ်ပြောတာပေါ့။ သူတို့ရဲ့ခရိုင်အစိုးရရယ် သူတို့ရဲ့လုပ်ထုံးလုပ်နည်းရယ်က တိုးချဲ့နိုင်တယ်ဆိုရင်တော့ ဒီဘက်ကလည်း ပိုပြီးတော့ စေလွှတ်နိုင်မှာပေါ့။ လက်ရှိအခြေအနေက သူတို့ပြောတဲ့နှုန်းပေါ်မူတည်ပြီးပြောလိုက်တာ။ သူတို့ဘက်က ကွာရန် တင်းစင်တာ ၂၀၀၀ ဆန့်ပြီဆိုရင် ဒီဘက်က ၂၀၀၀ လွှတ်လို့ရမှာပေါ့။ ဟိုဘက်က ၃၀၀၀ ဆန့်တယ်ဆိုရင် ၃၀၀၀ လွှတ်လို့ရမှာပေါ့”ဟု ပြောသည်။

ယခင်က ထိုင်းသို့ MOU ဖြင့်စေလွှတ်ရာတွင် ယခုလို ကပ်‌ရောဂါများမရှိသဖြင့် ကြန့်ကြာမှုမရှိခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် ထိုင်းနိုင်ငံကို MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမားစာရင်းအား စတင် လက်ခံနေပြီဖြစ်ကာ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်ရန်အတွက် တရားဝင်ခွင့်ပြုထားသည့် လိုင်စင်ရ အေဂျင်စီအရေအတွက် ၁၁၄ ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

သို့သော် လိုင်စင်ရအေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ်ကောက်ခံရာတွင် တစ်ဦးကို ယခင်က ငွေကျပ် တစ်သိန်းခွဲသာကောက်ခံသော်လည်း ယခုအခါတွင် ငွေကျပ် သုံးသိန်းကောက်ခံရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သဖြင့် MOU ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ကုန်ကျစရိတ်မှာ များပြားနိုင်ကာ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီ စောင့် ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သို့ ပြောသည်။

ကိုသားကြီးက “တကယ်တမ်းကျလို့ရှိရင် ထိုင်းနိုင်ငံရဲ့အလုပ်သမားအရေးက တည်ဆဲဥပဒေကနေ အခု သတ်မှတ် လိုက်တာက မြန်မာအလုပ်သမားတစ်ယောက်ကို ထိုင်းဘက်ကိုလာပြီး MOU လုပ်မယ်ဆိုရင် ကွာရန်တင်းခ တွေကို အလုပ်ရှင်သူဌေးကပေးရမယ်လို့ ဥပဒေကပြောတယ်။ ဒါပေမယ့်တော်တော်များများ ထိုင်းအေးဂျင့်တွေက စက်ရုံထဲက အလုပ်ရှင်တွေဆီကနေ ကွာရန်တင်းခကို မယူဘူး။ တော်တော်များများ အလုပ်ရှင် သူဌေးတွေက လည်း မပေးချင်ကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့ အလုပ်သမား တစ်ယောက်ကို ၇ ရက်ကွာရန်တင်းဝင်မယ်ဆိုရင် ဘတ် ၇၀၀၀ ရှိမယ်။ အဲဒီတော့ ဘတ် ၇၀၀၀ ကို လူ တစ် ယောက်စာပေးရမယ်ဆိုရင် လူ ၁၀၀ သွင်းမယ့်အလုပ်ရှင်သူဌေးအတွက်ဆို အရမ်းဝန်ထုပ်ဝန်ပိုးလည်း ဖြစ်သွား တယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကွာရန်တင်းဝင်လျှင်ကုန်ကျမည့် ကုန်ကျစရိတ် နှင့်ပတ်သက်၍ အလုပ်သမားဆီမှ ဖြတ်တောက်ခြင်းမပြုလုပ်ရန်အတွက် စာချုပ်တွင် ထိုအချက်အလက်များ ထည့်သွင်းခိုင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အလုပ်သမားများအား ထိုင်းသို့ MOU ဖြင့် စေလွှတ်နိုင်ရေးကို အမြန်ဆုံး လုပ်ဆောင်လျက်ရှိ ကြောင်းလည်း သိရသည်။