CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

နစကအစိုးရအနေဖြင့် အွန်လိုင်းကတဆင့် ထီရောင်းချမှုကို လာမည့်နှစ်လအတွင်း လုပ်ဆောင်ဖို့ စီစဉ်နေသည်ဟု သိရသည်။

အဆိုပါ အွန်လိုင်းထီ ရောင်းချမည့်ကိစ္စနှင့်ပတ်သက်ပြီး ထီကုန်သည်များအနေဖြင့် မည်သို့မည်ပုံ ရောင်းချရမည်၊ ဆုကြေးငွေ၊ ထီတစ်စောင်တန်ဖိုးနှင့် ဖွင့်လှစ်မည့်ပုံစံများကို မသိရှိရသေးကြောင်း ထီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အွန်လိုင်းထီကတော့ ရုံးကလည်း သူတို့လည်း မသိဘူး။ အောင်ဘာလေလည်း မေးကြည့်သေးတယ်။ ဒီလိုပဲ ငါတော့ မေးနေတာပဲ။ အေးပေါ့ သူတို့လည်း ဘယ်သိမလဲ။ သူတို့အပေါ် အထက်အမိန့်ပဲ။ အထက်ကလုပ်ဆို လုပ်ပေါ့။ ဒါတော့ သူတို့ဟာသူတို့ လုပ်ကြမယ် မသိဘူးတဲ့။ ဒါပေမယ့် လက်ရှိ ထီလုပ်တဲ့ ကုန်သည်တွေက အွန်လိုင်းကို မသွားဖို့ များတယ်။ တစ်ဝက်ကျော်လောက်က လိုက်မှာ မဟုတ်ဘူး ခန့်မှန်းခြေ ပြောပြတာ။ မလိုက်ဖို့ဆိုတာ ဘာမှန်းမသိတဲ့ ကိစ္စတစ်ခုကို ရမ်းလိုက်လို့မှ မရဘဲ။လုပ်ငန်းတစ်ခု လုပ်မယ်ဆိုလို့ရှိရင် ဘာလဲ၊ ဘယ်လိုဖွင့်မှာလဲ၊ တစ်စောင်ဘယ်လောက်လဲ၊ ခံစားခွင့် ဘယ်လောက်ပေးမှာလဲ အဲဒါရှိသေးတယ်လေ” ဟု ပြောသည်။

အွန်လိုင်းထီစနစ်ပေါ်ပေါက်လာဖို့ နစက အစိုးရအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အခြား ပြည်တွင်း ပြည်ပ ကုမ္ပဏီ များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

အွန်လိုင်းထီနှင့်ပတ်သက်ပြီး နည်းပညာပိုင်းပံ့ပိုးမှုပေးနိုင်မည့် ကုမ္ပဏီ၊အဖွဲ့များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက် တိုဘာ ၁၅ ရက်ကတည်းကပင် စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်သွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကြေညာခဲ့သည်။

လက်ရှိ ထီထိုးနှံမှုနှုန်း ကျဆင်းနေသည့်အချိန်တွင် အွန်လိုင်းထီလုပ်ဆောင်ခြင်းသည် နဂိုရှိနှင့်နေပြီးသားဖြစ်သည့် ထီစနစ်၏ အခြေအနေကို ဆိုးရွားစေနိုင်သည်ဟု ထီကုန်သည်များက သုံးသပ်နေကြသည်။

ဒါ့အပြင် အွန်လိုင်းထီနှင့်ပတ်သက်ပြီး အာမခံချက်၊ လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း အများပြည်သူ သိရရှိရန် ပြောပြသင့်ကြောင်း ထီလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“လွယ်လွယ်ကူကူ ထိုးလို့ရတဲ့ ထီလက်မှတ်တောင် မထိုးတဲ့ကိစ္စတစ်ခုကို ဖုန်းကြီးဖွင့်ပြီးတော့ အင်တာနက် ထပ် ဖွင့်ပြီးတော့ အင်တာနက်ကလည်း ဈေးက ထပ်ကြီးအုံးမယ်။ နောက်တော့ ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ဘယ် လောက်ဆု ဖွင့်ပေးမှာလဲ။ ဘယ်နှစ်ဆု ဖွင့်ပေးမှာလဲ။ အဲငွေက ဘယ်လိုထုတ်ပေးမှာလဲ။ ဘယ်သူက ထုတ်ပေးမှာ လဲ။ အွန်လိုင်းထီရောင်းတယ်ဆိုတာက တစ်လ နှစ်လအတွင်းလုပ်မယ်ဆို ဒီအချိန်မှာ ကျနော်တို့ ဒါ ဒီလိုစီစဉ် ထားတယ်။ အခုလုပ်နေတယ် ဒီ Plan တွေ ချပြရမှာလေ။ ဥပမာ-ထီတစ်စောင် ဘယ်လောက်ကျလဲ။ အနည်းဆုံး ဆုမဲ ဘယ်နှစ်ဆုပါမယ်။ အကြီးဆုံးဆုမဲ ဘယ်လောက်။ အဲဒါတွေကို ဘယ်လိုပြန်လျော်မယ် အလျော်အစား ထီက ဘယ်လိုဖွင့်မလဲ ဘာညာ ပြောပြမှ ရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ထီလုပ်ငန်းများသည် ၂၀၂၁ မတ်လမှစတင်၍ တဖြည်းဖြည်း ရောင်းအားကျလာခဲ့ရာ ယခုအချိန်တွင် ထီရောင်းအား မရှိသလောက် လျော့နည်းသွားခဲ့ပြီး ယခင်က အမြင့်ဆုံဆုကြေး ကျပ်သိန်းပေါင်း တစ်သောင်းခွဲ မှ ယခုအချိန်တွင် အမြင့်ဆုံးဆု ကျပ်သိန်း ငါးထောင်သာ ချီးမြှင့်နိုင်သည်။

ထို့ကြောင့် ထီရောင်းအားကျဆင်းနေသည့် ယခုကာလတွင် ထပ်တိုး၍ အွန်လိုင်းထီကို နစက မှ ဖော်ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး မသေချာ မရေရာသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို ထီကုန်သည်များကြား သုံးသပ်မှုများလည်း ရှိနေသည်။