CNI International News

အဒစ်ဘာဘာ၊ဖေဖော်ဝါရီ ၂၁

ဘလူးနိုင်းမြစ်ပေါ်ရှိ အငြင်းပွားဖွယ်ရာ အီသီယိုးပီးယားဆည်တစ်ခုမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပထမဆုံးအကြိမ် လျှပ်စစ်ဓာတ်အားစတင်ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်က သတင်းဖော်ပြသည်။

အီသီယိုးပီးယားနိုင်ငံ၏အနောက်ဘက် ဘီနီရှန်ဂူး-ဂူမက်ဇ်ဒေသတွင် တည်ရှိသော ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ရှိသည့် အဆိုပါဆည်တမံသည် အီသီယိုးပီးယား၊ အီဂျစ်နှင့်ဆူဒန်နိုင်ငံတို့အကြား သဘာဝ စွမ်းအင်အရင်းအမြစ် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါရေအားလျှပ်စစ်စီမံကိန်းအပေါ် ဆူဒန်နှင့်အီဂျစ်တို့က နိုင်းမြစ်ရေဝေစုအနေဖြင့် လျော့ကျသွားမည့်အရေး စိုးရိမ်ပူပန်နေကြသည်။
အဆိုပါဆည်တမံသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း အီသီယိုးပီးယားက အခိုင်အမာပြောကြားခဲ့သည်။
“တော်ဝင်အီသီယိုးပီးယားရီနေဆန့်”ဆည်တမံဟု အမည်ပေးထားသော အဆိုပါ ဆည်တမံသည် အာဖရိကတိုက် တွင် ယနေ့ခေတ် အကြီးမားဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။

၎င်းစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၅ ထောင် မဂ္ဂါဝပ်ကျော် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး အပြည့်အဝ ပြီးစီးလျှင် ပြည်တွင်းလျှပ်စစ်ဓာတ်အားကို နှစ်ဆတိုးမြှင့်ပေးနိုင်မည်ဟု သိရသည်။ လက်ရှိတွင် စီမံကိန်း ၈၃ ဒသမ ၉ ရာခိုင်နှုန်းပြီးစီးပြီဟု အစိုးရပိုင် ETV News ရုပ်သံလိုင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

အီသီယိုးပီးယားအစိုးရသည် မိုးခေါင်ရေရှားမှုနှင့်စစ်ပွဲများကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့သော အမျိုးသား အကျိုး စီးပွားကို အသွင်ပြောင်းလဲနိုင်ရမည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အေဘီအာမက်သည် စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် သွားရောက်ကြည့်ရှုနေပုံ၊ စီမံကိန်းစတင်လည်ပတ်ရန် စက်ခလုတ်အများအပြား ၎င်းက နှိပ်ပေးနေပုံကို ETV News ရုပ်သံလိုင်းက ထုတ်လွှင့် ခဲ့သည်။

“ဒီ စီမံကိန်းဟာ ကျနော်တို့ အာဖရိကတိုက်နဲ့ မြစ်အောက်ပိုင်းမှာရှိတဲ့ နိုင်ငံတွေအတွက် သတင်းကောင်းပါပဲ” ဟု ဝန်ကြီးအေဘီအာမက်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Source: BBC