CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ထိုင်းမှ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းရှိ ခရိုင်အချို့တွင် အလုပ် သမား လိုအပ်ချက်များကြောင့် နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် စီစဉ်နေ‌ ကြောင်း သိရသည်။

ထိုသို့ နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ထိုင်းသို့ လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက လူကုန်ကူးမှုနှင့် ခေါင်းပုံ ဖြတ်ခြင်းတို့ ကြုံရနိုင်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“နယ်စပ်က ရွှေ့ပြောင်းအလုပ်သမားမဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံ ဥပမာ-ဘန်ကောက်တို့ မဟာချိုင်တို့ ဖူးခက်တို့ အခြား နယ်မြေတွေမှာ သွားပြီးတော့ အလုပ်လုပ်မယ့် အလုပ်သမားတွေဆိုရင်လည်း အဲဒီနေရာမှာ လူကုန်ကူးခြင်း ခံရ နိုင်တယ်။ အဲ့ဒါဘာလဲဆိုတော့ လူလိမ်ခံရမှာပေါ့။ လူလိမ်ခံရမယ်ဆိုတာက ဘာလဲဆိုတော့ ဒီ တံတားကူး လက် မှတ်တွေ Border pass တွေနဲ့ သူတို့က ဝင်လာလိုက်မယ်။ ဒီကိုရောက်ရင် ကယ်ရီတွေ ပွဲစားတွေနဲ့ တဆင့် ပြန် ချိတ်ပြီးတော့မှ ထိုင်းနိုင်ငံရဲ့မြို့တော်တွေထဲကို ကယ်ရီတွေ ပွဲစားတွေနဲ့ ဝင်နိုင်စရာအကြောင်းရှိတယ်။ အလုပ် သမားတွေဘက်က သတိထားရမှာက ဒီဘက်ကိုရောက်ရင် ကိုဗစ်ကာလဆိုတော့ ATK စစ်တဲ့ကုန်ကျစရိတ်တွေ work permit တွေက အရင်တုန်းကလိုမဟုတ်ဘဲနဲ့ ပိုမိုကုန်ကျလိမ့်မယ်လို့ထင်တယ်။ အဲဒါလေးတွေတော့ သတိထားရမှာပေါ့။ သူက ၃လ တစ်ကြိမ်ပဲ work permit သက်တမ်းဆက်ရမှာဆိုတော့လေ” ဟု ၎င်းက ပြော သည်။

ထို နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်၍ရမည့် ရက်အား မသိရှိရသေးကြောင်း သိရသည်။
ချင်းရိုင်၊ မဲ့ဆောက်၊ တာ့ခ်ခရိုင်၊ ကန်ချနဘူရီ၊ ရနောင်းခရိုင် အတွင်း ယခင် နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် မြန်မာအလုပ်သမားများအား ခေါ်ယူရန် လုပ်ဆောင်လျက်ရှိကာ ထို နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက ၎င်းသတ်မှတ်ထားသည့် နယ်မြေများမှလွဲ၍ အခြားနယ်မြေများသို့ ကျော်လွန်ပြီး အလုပ်လုပ်ခွင့်မရှိကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် သွားရောက်မလုပ်ကိုင်မီ အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းဆောင်ရွက်မှု ပြင်ဆင်ခြင်း၊ RT-PCR ဖြင့် ၇၂ နာရီ မကျော်သော ကိုဗစ်စစ်ဆေးမှု သက်သေစာရွက်တင်ပြရန် (သို့မဟုတ်) ATK ဖြင့် ကိုဗစ်စစ်ဆေးခြင်း ကာကွယ်ဆေး 2 ကြိမ် ထိုးနှံထားပြီးကြောင်း အထောက်ထားနှင့် နယ်စပ်ဖြတ်ကျော် စာရွက်စာတမ်းများအား တင်ပြရန်လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ မဝင်ရောက်ခင် ကိုဗစ်ရောဂါထိန်းချုပ်ရေးဂိတ်ဌာနတွင် အထောက်အထား စစ်ဆေးခြင်း၊ နေထိုင်ခွင့်ဗီဇာအား တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမည်ဖြစ်ကာ ကျန်းမာရေးအာမခံ ၃ လစာ ဝယ်ယူ ရမည်ဖြစ်ကြောင်း သိရသည်။

ကိုသားကြီးက “ခြုံငုံပြီးပြောရရင် ထိုင်းနိုင်ငံထဲကို အလုပ်သမားတွေ အလုပ်လုပ်ဖို့ဆိုရင်တော့ ကျနော်အကြံပြု လိုတာကတော့ တရားဝင် MOU တစ်ခုတည်းဖွင့်ပေးတာက ပိုပြီးတော့မှ ကောင်းလိမ့်မယ်ထင်တယ်။ MOU ဟာ အလုပ်သမားအခွင့်အရေးအပြည့်အဝ ရှိတယ်။ တစ်စုံတစ်ရာဖြစ်လာခဲ့ရင်လည်း သက်ဆိုင်ရာနိုင်ငံကလည်း တာဝန်ယူလို့ရသလို အလုပ်ရှင်သူဋ္ဌေးတွေ မတရားခေါင်းပုံဖြတ်တဲ့အခါကျရင်လည်း သူ့နိုင်ငံရဲ့တည်ဆဲဥပဒေနဲ့ အညီ အရေးယူလို့ရတာပေါ့ဗျာ”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် အလုပ် သမားများစေလွှတ်နိုင်ရေး လုပ်ဆောင်လျက်ရှိသည်။