CNI International News

မယ်လိုပက်ခ်(ကယ်လီဖိုးနီးယား)၊ ဖေဖော်ဝါရီ ၁၆

Facebook မှ Meta ဟု ယမန်နှစ်၌ ကုမ္ပဏီအမည် ပြောင်းခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ် ဇူကားဘတ်က ၎င်း၏ ဝန်ထမ်း များကို Metamates (မတ်တာလုပ်ဖော်ကိုင်ဖက်များ) ဟူ၍ ရည်ညွှန်းခေါ်ဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု rt.com တွင် သတင်းဖော်ပြထားသည်။

အဆိုပါ အပြောင်းအလဲကို ဇူကာဘတ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် အွန်လိုင်းမှနေ၍ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ကြေညာ လိုက်ခြင်းဖြစ်ပြီး ထိုအသုံးအနှုန်း ဖော်ပြထားသောပို့စ်ကို Facebook ပလက်ဖောင်း၌ နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဇူကာဘတ်က “Meta ရယ်၊ Metamates လုပ်ဖော်ကိုင်ဖက်တွေရယ်၊ ကျနော်ရယ်ဟာ ကျနော်တို့ ကုမ္ပဏီနဲ့ မစ်ရှင် (တာဝန်) တွေအတွက် ကောင်းမွန်တဲ့ ကြီးကြပ်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ စုပေါင်းအောင်မြင်မှုအတွက် လုပ်ဖော်ကိုင် ဖက်တွေ အနေနဲ့ အချင်းချင်း တာဝန်ရှိကြတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီအတွက် ကျနော်တို့ကုမ္ပဏီ အဝန်းအဝိုင်းထဲမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ဖို့ပါပဲ”ဟု ၎င်း၏ပို့စ်တွင် ရေးသားထားသည်။

ယခင် ၎င်းဝန်ထမ်းများကို Facebooker ဟု ခေါ်ခဲ့ကြဖူးသည်။

ယခုနှစ်အတွက် ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ် (CTO) ဖြစ်လာမည့် Meta အမှုဆောင်တစ်ဦးဖြစ်သူ အင်ဒရူးဘို့စ်ဝက်သ် (Andrew Bosworth) က “အမေရိကန်သိပ္ပံပညာရှင် ဒေါက်ကလပ် ဟော့ဖ်စတက်ဒါထံသို့ အီးမေးလ်ပေးပို့ရာတွင် Metamates ဟူသော အသုံးအနှုန်းကို စတင်သုံးစွဲခဲ့ကြောင်း” The Verge မီဒီယာ၏ သတင်းထောက် အဲလက်စ်ဟက်သ်ထံသို့ ပြောကြားခဲ့သည်။

Meta ဝန်ထမ်း(AP)

ထို့နောက် Facebook ၏ News Feed ကို Feed ဟု အမည်ပြောင်းလဲမည်ဖြစ်ပြီး ၎င်း Feed တွင် လူအများမြင်သာမည့် မတူကွဲပြားသော အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်စေမည်ဟု ကုမ္ပဏီပြောခွင့်ရသူတစ်ဦးက MarketWatch မီဒီယာသို့ ပြောကြားခဲ့သည်။

Facebook, Instagram, Messenger ဝန်ဆောင်မှု၊ WhatsApp နှင့် ပကတိအလား ပုံရိပ်ကုမ္ပဏီ Oculus တို့ကို ပိုင်ဆိုင် ထားသည့် Facebook လုပ်ငန်းစုသည် သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များကို ကိုင်တွယ်ရာ၌ အငြင်းပွားစရာ များစွာ ရှိခဲ့ခြင်းကြောင့် ကိန်းဘရစ် အချက်အလက် အရှုပ်တော်ပုံ အပါအဝင် အနုတ်လက္ခဏာ တုံ့ပြန်မှုများနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် ယမန်နှစ် အောက်တိုဘာလတွင် Meta Inc အဖြစ် ကုမ္ပဏီအမည် ပြောင်းလဲသတ်ခဲ့သည်။

ယခုနောက်ပိုင်းတွင် ကုမ္ပဏီသည် ၎င်း၏ လူမှုကွန်ရက် Facebook အနေဖြင့် အကောင်အထည်ဖော်နေဆဲဖြစ်သည့် virtual world, Metaverse ကို ဦးတည်လုပ်ကိုင်နေသည်။

Source: rt.com