CNI International News
ဝါရှင်တန်၊ မတ် ၁၃
Meta ကုမ္ပဏီက ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွှယ်သည်ဟု သသယရှိရသည့် လူမှုမီဒီယာ အကောင့်ပေါင်း ၁၅၀၀၀၀ ကျော်ကို ဖယ်ရှားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း ကျားဖြန့်သံသယတရားခံ ၂၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တစ်ကမ္ဘာလုံးက လူပေါင်းသန်းချီကို ပစ်မှတ်ထားနေသည့် အရှေ့တောင်အာရှ၏ ကျားဖြန့်စင်တာ များကို နိုင်ငံတကာက နှိမ်နင်းနေချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဆိုက်ဘာ လိမ်ညာမှု တိုက်ဖျက်ရေး စင်တာ၊ အမေရိကန် ဖက်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) နှင့် အမေရိကန်တရားရေးဌာန၏ ကျားဖြန့်တိုက်ဖျက်ရေးတပ်ဖွဲ့ဌာနတို့က ဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များက ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်စီးနှင်းစဉ်
ထို့အတူ Meta ကုမ္ပဏီ၏ စုံစမ်းစစ်ဆေးသူများကလည်း ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သည့် သတင်းများကို တရားဥပဒေစိုးမိုးရေးအေဂျင်စီများအား အချိန်နှင့်တစ်ပြေးညီ ပေးပို့လျက်ရှိသည်။
ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့တွင် အများဆုံးလှုပ်ရှားနေသည့် ကျားဖြန့်လုပ်ငန်းများသည် မကြာသေးမီနှစ်များအတွင်း အလွန်များပြားလာခဲ့သည်။
ထို့ပြင် ကျားဖြန့လုပ်ငန်းများသည် ဖော်ထုတ်ဖမ်းဆီးခံရမည့်အရေးကို ရှောင်လွှဲရန်အတွက် စနစ်တကျ ဖွဲ့စည်းထားသည့် အကြီးစား ဒုစရိုက်စီးပွားရေးလုပ်ငန်းများ အသွင်ဖြင့် လည်ပတ်နေကြောင်း အာဏာပိုင်များက ဖော်ပြကြသည်။

FBI, Meta တို့နှင့် ထိုင်းရဲတပ်ဖွဲ့တို့ကို တွေ့ရစဉ်
Meta ကုမ္ပဏီ၏ မတ်လ ၁၁ ရက်ထုတ်ပြန်ချက်တွင် ကျားဖြန့်လုပ်ငန်းများနှင့်ဆက်နွှယ်သည့် Facebook နှင့် Instagram အကောင့်ပေါင်း ၁၅၀၀၀၀ ကျော်ကို ပိတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှိမ်နင်းမှုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ဒုတိယအကြိမ်မြောက် ပူးပေါင်းစစ်ဆင်ရေးဖြစ်ပြီး ပထမအကြိမ် စစ်ဆင်ရေးတွင် Meta ၏ လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ အကောင့်များ၊ Page များနှင့် Group ပေါင်း ၅၉၀၀၀ ကို ဖယ်ရှားခဲ့သည်။

Meta ကုမ္ပဏီကို တွေ့ရစဉ်
ထို့ပြင် Meta ကုမ္ပဏီသည် ၎င်း၏ လူမှုမီဒီယာပလက်ဖောင်းများဖြစ်သော Facebook၊ Messenger နှင့် WhatsApp အသုံးပြုသူများကို ကျားဖြန့် လိမ်လည်မှုများရန်မှ ကာကွယ်ရန်အတွက် အဆင့်မြင့် AI နည်းပညာသုံး tool အသစ်များကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ယခုအကြိမ်ပြုလုပ်သည့် ကျားဖျန့်နှိမ်နင်းမှု စစ်ဆင်ရေးတွင် ဗြိတိန်၏ အမျိုးသားရာဇ၀တ်မှု တိုက်ဖျက်ရေးအေဂျင်စီ (NCA) အပြင် ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အေဂျင်စီများလည်း ပါဝင်ခဲ့သည်။
Source: South China Morning Post
