CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု အများဆုံးဂိတ်ဖြစ်သည့် ကျယ်ဂေါင်ဂိတ်အား မကြာခင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

၎င်းအား မတ်လ (သို့မဟုတ်) မတ်လကုန်ခန့်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများကြားနေရကြောင်း ကုန်သည်များက ပြောသည်။

ဝမ်တိန်ရောက် ဂိတ်မှူး ကိုအောင်ရဲကျော်က “ကျယ်ဂေါင်က ဟိုတနေ့က သူတို့ ကျယ်ဂေါင်ဒေသခံတွေ ကော်မတီအစည်းအဝေးလုပ်တယ်။ လုပ်ပြီးတော့ စာထွက်လာတာရှိတယ်။ ၃ လပိုင်း ၁၅ ရက် သို့မဟုတ် ၁၈ ရက်လောက်ကို ဖွင့်ဖို့အတွက်လုပ်ထားတာပေါ့။ နဂိုလည်းလုပ်ထားတဲ့ ကျယ်ဂေါင်အခေါ် ရှမ်းကွင်းတို့ ပိုက်လုံး ကွင်းတို့ပေါ့ ဒီကားအဝင်အထွက်များတဲ့ကွင်းတွေကိုတော့ ကိုဗစ်စည်းကမ်းမျိုးနဲ့ ကွင်းတွေလုပ်ထားပြီပေါ့ကွာ။
အကုန်လုံးတော့ ၈၀ ရာခိုင်နှုန်းတော့ပြီးနေပြီပေါ့။ အဲ့တော့ ကြားတာတော့ ၃ လပိုင်း ၁၅ ရက်လောက်ပေါ့။ အများဆုံးက မတ်လကုန်လောက် စမယ်လို့တော့ ကြားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကျယ်ဂေါင်ဂိတ်သည် ကုန်ပစ္စည်းမျိုးစုံ ကုန်သွယ်မှုပြုလုပ်သည့် ဂိတ်တစ်ခုဖြစ်ကာ ကိုဗစ်မဖြစ်ခင်ကာလက ကုန်စည်ကားများ အဝင်အထွက်အများဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး တစ်နေ့လျှင် မြန်မာဘက်မှ ကုန်ကား အစီးရေ ၅၀၀ ခန့်ဝင်သကဲ့သို့ တရုတ်ဘက်မှလည်း အစီးရေ ၅၀၀ ခန့် ပြန်ဝင်သည့် ကုန်သွယ်မှုအများဆုံးနှင့် အကြီးမားဆုံးဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သည်များသည် ရွှေလီမြို့ကို ဗဟိုပြုကာ လုပ်ကိုင်နေရသောကြောင့် ကျယ် ဂေါင်ဂိတ်မှကုန်သွယ်မှုပြုပါက တရုတ်နိုင်ငံ ရွှေလီမြို့သို့တန်းရောက်သဖြင့် မူဆယ်မှ တိုက်ရိုက်ကုန်သွယ်နိုင်ကာ ကုန်သည်များအတွက် ပိုအဆင်ပြေကြောင်း သိရသည်။

ထိုကြောင့် ကျယ်ဂေါင်ဂိတ်ပြန်ဖွင့်မည်ဆိုပါက ကုန်စည်စီးဆင်းမှု အများကြီးတိုးတက်လာမည်ဟု ကုန်သည် များက မျှော်လင့်နေကြသည်။

လက်ရှိကုန်သွယ်မှုပြုလုပ်ရာတွင် ကျင်စန်းကျော့ဂိတ်မှ ဝမ်တိန်သို့ဦးစွာသွားရပြီး ဝမ်တိန်မှ ရွှေလီမြို့သို့ သွားရ ခြင်းဖြစ်ကာ ဝမ်တိန်မှ ရွှေလီသို့သွားရာတွင် ၇ မိုင်ခန့်သွားရသည့်အတွက် ကုန်သွယ်မှုမှာ မမြန်ဆန်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် လက်ရှိ၌ တရုတ်ခေါက်တိုကားများကိုသာ အသုံးပြုနေရသော်လည်း ကျယ်ဂေါင်ဂိတ်ပြန်ဖွင့်သည့်အခါတွင် အများအားဖြင့် မြန်မာကားများ ကုန်သွယ်မှုပြုလုပ်နိုင်မည်ဟု သတင်းများ ကြားနေရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာကားများ တရုတ်သို့ ဝင်ထွက်ခွင့်ပြုလိုက်ပါက လက်ရှိကြုံတွေ့နေရသည့် ခေါက်တိုကားရှားပါးမှု ပြဿနာအား ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြန်မာကားတွေအတွက်အကျိုးရှိတာပေါ့။ ဘာလို့ဆိုတော့ တိုက်ရိုက်ဝင်လို့ရတယ်။ နောက်တစ်ခါ ခေါက်တို ကားရှားပါးမှုလည်း ဖြေရှင်းနိုင်မယ်။ အရင်တုန်းက တရုတ်ကားတစ်ခုပဲ ခေါက်တိုကား အားကိုးနေရတာကိုး။ အခုကျတော့ ဗမာကားတွေကလည်း အစီး ၄/၅၀၀ ရှိတယ်။ ဒါ့ကြောင့် ဗမာကားတွေဝင်လို့ရမယ်ဆိုရင် ခေါက်တို ကားခဈေးနှုန်းတွေအများကြီး လျော့သွားမယ်။ ၁၀ ဆလောက်မကဘူး လျော့သွားမယ်။ အခု သိန်း ၁၀၀ လောက် ကုန်တဲ့နေရာမှာ ဗမာကားတွေသာ ဝင်ထွက်လို့ရမယ်ဆိုရင် ၁၀ သိန်း ၁၅ သိန်းလောက်ပဲကုန်တော့မယ်။ ဒါ့ ကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ မန်ဝိန်းဂိတ်(ကျယ်ဂေါင်ဂိတ်)ပြန်ဖွင့်ရင် ဗမာကားတွေ အစားထိုး ယာဉ်မောင်း စနစ်နဲ့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း ဝင်ခွင့် ထွက်ခွင့်ပြုမယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးက ပိုတိုး တက်လာပါလိမ့်မယ်”ဟု ဦးမင်းသိန်းက ပြောသည်။

တရုတ်နိုင်ငံဘက်မှ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များအား ကိုဗစ်ကြောင့်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် ကျယ်‌ဂေါင်ဂိတ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။