CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီဈေးနှုန်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၇၁၅ ကျပ်ဖြင့် ရောင်းချနေသော်လည်း တခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့တွင် တစ်လီတာ ၂၀၀၀ ကျပ်နှုန်းပေါက်ဈေးရှိသည့်အတွက် ဈေးနှုန်းပိုမြင့် တက်နေကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စတင်ကာ စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အောက် တိန်း ၉၂ တစ်လီတာလျှင် ၁၇၁၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာသည့်တိုင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ တိုင်းဒေသကြီး တချို့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၀၀၀ ကျပ်ဈေးနှုန်းဖြစ် နေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်မားမှုကြောင့် လတ်တလောတွင် ယခင်ကထက် ဝင်ငွေများ လျော့နည်းလာကြောင်း ရခိုင် ပြည်နယ်မှ လိုင်းကားမောင်းနှင်နေသည့် ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ကိုမောင်မောင်ထွန်းက “ကျနော်တို့ဘက်မှာ ဈေးက မတရား ထိုးတက်နေတာပေါ့နော်။ ကျနော်တို့ဆီမှာ အခု အောက်တိန်း 92 တစ်ဂါလံကို ၈၅၀၀ ဖြစ်နေတာ။ လက်လီဈေးနှုန်းကျတော့လည်း ကျနော်တို့ ၂၀၀၀ နှုန်းနဲ့ ရောင်းနေတာ ရှိပါတယ်။ တစ် လီတာကို ၂၀၀၀ နှုန်း အဲလို ရှိပါတယ်။ ကားသမားဆိုပေမယ့် တစ်နေ့လုပ် တစ်နေ့စား နေ့စားလို ဖြစ်နေပါတယ်။ အရင်တုန်း ကကျတော့ တစ်နေကုန် လိုင်းကားထွက်ပြီးတော့မှ တစ်နေကုန်မောင်းရင် ကျနော်တို့ မနက်ကတည်းကနေ ညနေအထိကို ကျနော်တို့ လိုင်းကားမောင်းနေတယ်ဆိုတော့ တစ်နေကုန်မောင်းရင် ၂ သောင်းခွဲ၊ ၃ သောင်းလောက် ရတာပေါ့နော်။ အခုက တော့ အဲလိုရဖို့အတွက် ဆီဈေးတွေ မတော်မတရား ဈေးတက်တော့ ကျနော်တို့အတွက် တစ်နေ့ကို ၁ သောင်းကျော်ကျော် လောက် အဲလောက်ရတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ မတိုင်ခင်က အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၆၇၅ ကျပ် ပေါက်ဈေးရှိ ခဲ့သော်လည်း လက်ရှိ၌ ၁၇၁၅ ကျပ် ပေါက်ဈေးရှိနေသည်။

အလားတူ ရခိုင်ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့တွင်မူ စက်သုံးဆီဈေးနှုန်းသည် လွန်ခဲ့သည့် တစ်ပတ်ကတည်းကပင် ၂၀၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း ဒေသခံများက ပြောသည်။

စက်သုံးဆီဖြည့်တင်းခြင်း

စက်သုံးဆီဈေးနှုန်း မြင့်တက်သော်လည်း ယခုအချိန်တွင် ယာဉ်စီးခများကို တိုးကောက်၍ မရနိုင်ကြောင်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ရွှေပြည်သစ် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးမှ ဦးကိုမိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုမိုးက “ဆီဈေးက ကားတစ်စီးသွားမယ်ဆိုရင် ၄ သိန်းခွဲ ၅ သိန်းခွဲ ဖြည့်ရရင် အဆင်မှ မပြေတော့တာ။ ကျနော်တို့ဆီမှာ တော့ ကားခတွေ တိုးကောက်လို့ ရမှာမဟုတ်ဘူး။ ကားခတွေ တိုးကောက်လိုက်ရင် ခရီးသည် ရတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကားခ တိုးကောက်လိုက်ရင် စီးမယ့်ခရီးသည် ရှိနိုင်တော့မှာ မဟုတ်ဘူး။ ခရီးသည်တွေ က လေယာဉ်စရိတ်နဲ့တူသွားတော့ လေယာဉ်နဲ့ပဲ သွားတာများတယ်”ဟု ပြောသည်။

ထို့နောက် ကချင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ စက်သုံးဆီများကို လိုသလောက် မရရှိသည့် အခြေအနေများ ရှိနေခြင်းကြောင့် အခက်အခဲများ ဖြစ်နေကြောင်း ရွှေမြစ်ဆုံ ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး ဦးလွင်မောင်(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

ဦးလွင်မောင်(အမည်လွှဲ)က “ကားတစ်စီးကို ကန့်သတ်ချက်လေးနဲ့ပေါ့ တစ်သိန်းဆို တစ်သိန်း၊ နှစ်သိန်းဆို နှစ်သိန်း အဲလို ကန့်သတ်ပြီးတော့ ရောင်းပေးတယ်။ အရင်က တစ်နေရာတည်း ထည့်လို့ရပေမယ့် အခုက နှစ်နေရာ ခွဲပြီး ထည့်ရတယ်။ အရင်ကဆို လိုသလောက်ရတယ် ၅ သိန်း ထည့်မယ်ဆို ၅ သိန်း ထည့်လို့ရတယ်။ အခုက အဲလိုမျိုး မရတော့ဘူး။ ၅ သိန်း ထည့် ရမယ့်နေရာက တစ်သိန်း တစ်သိန်းခွဲလောက်ပဲ ထည့်ရတယ်။ အခက်အခဲရှိတာပေါ့ ဈေးနှုန်းမြင့်သွားတဲ့ အခါကျတော့။ ကျနော်တို့ ကချင်ပြည်နယ်သွားတဲ့ လိုင်းတွေက ဈေးကတက်လို့မရဘူး။ ဈေးချပြီး ရောင်းနေရတယ်။ လောလောဆယ် တက် ဖို့က ခက်ခဲနေတဲ့ အခြေအနေမှာ ရှိနေတယ်။ လောလောဆယ် ကျနော်တို့ ရက်ခြားလေးပဲ ထွက်နိုင်တယ်။ ခရီးသည်တွေ မရှိ တာနဲ့ ကုန်လေးတွေ မရှိတာနဲ့ အဲလို အခက်အခဲလေးတွေ ရှိတယ်။ နိုင်ငံရေးနဲ့ ကိုဗစ်ကိစ္စနဲ့ အဲလို အခက်အခဲလေးတွေ ရှိ တယ်”ဟု ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်နေ့) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာ လျှင် ၁၇၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၇၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၇၄၀ ကျပ် စသဖြင့် ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၀၀ ကျပ်သာ ရှိသော်လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ ၁၇၀၀ ကျပ် ကျော်လာပြီး တစ်နှစ်အတွင်း ၃ ဆနီးပါး ဈေးနှုန်း မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။