CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

လက်ရှိတွင် မြန်မာနိုင်ငံတွင်း၌ ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာသကဲ့သို့ မူဆယ်ဘက်တွင်လည်း ကိုဗစ်ပိုးတွေ့ရှိမှုများလည်း ရှိသည့်အတွက် တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ပိတ်သွားမည်ကို ကုန်သည်များက စိုးရိမ်လျက်ရှိကြသည်။

ထိုသို့ စိုးရိမ်ရခြင်းမှာ တရုတ်နိုင်ငံဘက်မှ ကိုဗစ်နှင့်ပတ်သက်လျှင် စည်းကမ်းဆိုင်ရာများ ကုန်သွယ်မှုဆိုင်ရာ များတွင် တင်းကြပ်‌သည့်အတွက်ကြောင့် ဖြစ်သည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အခုလောလောဆယ် ကားသမားတွေတောင်မှ တစ် ယောက် နှစ်ယောက် ၁၀၅ မိုင်မှာ ဆေးစစ်ဆေးလို့ တွေ့ရှိတယ်။ အဲ့တော့ ၁၀၅ မိုင်မှာရှိတဲ့ ကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူတယ်။ ဒီ့အတွက် နောက်တဖြေးဖြေးများတိုးလာလို့ တရုတ်ကစိုးရိမ်ပြီးတော့ ဒီဂိတ်တွေ ပိတ်မလား ဆိုတာတော့ စိုးရိမ်မှုတွေ ရှိတော့ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဖြစ်နိုင်ခြေ နည်းပါ သေးတယ်။ နောက်ပိုင်း ရောဂါပိုးတွေ့ရှိမှုများလာရင်တော့ ပြောလို့မရဘူးလေ။ အန်ကယ်တို့ကတော့ ဂိတ်တွေ ပြန်မပိတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။ ဒါက သူတို့နဲ့ဆိုင်တယ်လေ။ သူတို့က ဖွင့်မှ၊ သူတို့က ပိတ်မှ ရတာဆို တော့ ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်။ အရင်လိုပဲ တရုတ်ကပိတ်လိုက်လို့ ဂိတ်တွေပိတ်သွားပြီဆိုရင်တော့ ကုန်သွယ်မှုက လုံးဝရပ်တန့်သွားမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ကုန်သွယ်မှုပြုလုပ်နေရာတွင် အဆင်မပြေမှုများ အချိန်ကြန့်ကြာမှုများကြောင့် ကုန်သွယ်ရေးမှာ ယခင် ပုံမှန်အခြေအနေသို့ မရောက်ရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းကူးစက်မှုများကြောင့် တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်ပိတ်မည်ဆိုပါက ကုန်သည်များအတွက် ထပ်မံဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တရုတ်သို့တင်ပို့ရန်သွားသည့် ကြက်သွန်‌ကုန်သည်နှင့်တောင်သူများသည် ကိုဗစ်ကြောင့် ဟုဆိုကာ တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်သည့်အတွက် ဆုံးရှုံးမှုများရှိခဲ့ကာ ယခုအချိန်တွင် ထိုကဲ့သို့ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ကြက်သွန်ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကုန်သည်တွေက တင်လိုက်တယ် မနှစ်ကလိုပေါ့။ မနှစ်က ကုန်သည်တွေက တရုတ်ပြည်က ဝယ်တယ်ဆိုတော့ တရုတ်ပြည်ကို ကြက်သွန်တွေတင်။ တင်တော့ မနှစ်က တရုတ်က လမ်းပိတ်လိုက်ပြီဆိုတော့ မြန်မာပြည်က ကြက်သွန်တွေက တရုတ်ပြည်မရောက်ခင် မူဆယ်ကနေ ပြန်လှည့်လာရတာ။ အဲဒါ အသွားကားခလည်း ရှုံး၊ အပြန်ကားခလည်း ရှုံး၊ ကြက်သွန်ကလည်း ဈေးကမကောင်းတော့ဆိုတော့”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံဘက်မှ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များအား ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရာ ကျင်စန်းကျော့ဂိတ်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တဖြေးဖြေးချင်း ကန်ပိုက်တီဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်များကိုပါ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၇၈ သန်း ကျော်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ သန်းကျော်၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။