CNI News

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ကိုဗစ်ကူးစက်မှုနှင့် ရောဂါပိုးတွေ့ရှိမှုများ ပြန်လည် မြင့်တက်လာခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စားသုံးသူ ဝင်ရောက်မှု နည်းပါးသည့်အတွက် ပြည်တွင်း စားသောက်ဆိုင်လုပ်ငန်းများ ရောင်းအားကျဆင်းလာကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

သို့သော် စားသောက်ဆိုင် လုပ်ငန်းများသည် ကိုဗစ် တတိယလှိုင်းအတွင်း ပိတ်ထားရခြင်း၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရ ခြင်းများကြောင့် ထိခိုက်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် လက်ရှိတွင် ရောင်းအားမရှိသော်လည်း မပိတ်ပစ်ရဲကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဥက္ကဋ္ဌ ဦးနေလင်းက “ခုကိုပဲ တအားထိခိုက်နေပြီပေါ့။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ သိသိသာသာ လူဝင်တဲ့အင်အား အများကြီး လျော့သွားပြီ။ ရောင်းအား အများကြီး ကျသွားပြီဆိုတော့ အဲ့မှာတင်ပဲ စပြီးတော့ သိသာလာပြီ။ ကျနော်တို့က ပိတ်လိုက်ပြန်ရင်လည်း ဆိုင်ခန်းခတွေ၊ အခြား ဝန်ထမ်းခတွေ ဒါတွေက ရှိသေးတာကို။ ဒီဟာတွေက income မရှိပဲနဲ့ အပြင် ပိုက်ဆံတွေက ထွက်တာချည်းပဲဆိုရင်တော့ အားလုံး ဇီးရိုးမဟုတ်ဘူး အနုတ်ဖြစ်သွားမှာပေါ့။ အခုကတော့ ဘာပဲပြောပြော ဝင်ငွေလေးက ၁၀၀ ဝင်ဝင်၊ ၂၀၀ ဝင်ဝင် ဘယ်လိုပဲဖြစ်ဖြစ် လည်ပတ်မှုလေး ရှိနေသေးတော့ တော်သေးတယ်လို့ပဲ မှန်းရတာ ပေ့ါ။ ဒါပေမယ့် စီးပွားရေးက တော်တော်လေး သိသိသာသာကျသွားပြီ”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် ကာလများတွင် ပုံမှန်အခြေအနေသို့ မရောက်သေးသော်လည်း ဆိုင်များ ပုံမှန် ပြန်ဖွင့်ပြီး ဆိုင်ထိုင် စားသောက်မှုများ ပြန်များလာသဖြင့် ရောင်းအားမှာ ၅၀ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်လုပ်ငန်းများသည် ဆိုင်ထိုင်ရောင်းချရာတွင် စားသုံးသူပိုများပြီး တွက်ချေကိုက်သော်လည်း ပါဆယ်စနစ်ဖြင့် ရောင်းချရာ၌ တွက်ချေမကိုက်ကြောင်း၊ ယခင်ကလို ပါဆယ်စနစ်ဖြင့် ပြန်လည်‌ ရောင်းချရမည်ကို စိုးရိမ်မှုရှိကြောင်း စား သောက်ဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “လူ နည်းနည်းတော့ ပါးသွားတာပေါ့။ ထိုင်စားတာတော့ နည်းနည်းများတာပေါ့။ ထိုင်စား တာတော့ ကိုက်တာပေါ့။ ပါဆယ်ကျတော့ သိပ်တော့ မကိုက်ဘူး။ ပို့ရတာတို့ ဘာတို့ အဲ့ဒါမျိုးတွေ ရှိတယ်လေ။ ကိုယ့်ကားနဲ့ ကိုယ် လိုက်ပို့ပေးတယ်။ နည်းနည်းတော့ စိုးရိမ်မှုရှိတယ်။ တို့မှာလည်း အလုပ်သမားလေးတွေ ကလေးတွေ ရှိတော့။ ထိခိုက်မှု တွေရှိတယ်(ကိုဗစ်တတိယလှိုင်းတုန်းက)။ ကလေးတွေဘာညာ စားဖို့သောက်ဖို့အတွက် ကိုယ်ကတော့ ရှာရတာပေါ့။ ဆိုင်က တော့ အန္တရာယ်ကြားထဲကနေလည်း ထွက်နေရတာပဲ။ စားဖို့သောက်ဖို့လေး ရလောက်ရင် ပြန်သိမ်းလိုက်။ အဲ့လိုလုပ်ရတာ ပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် စားသောက်ဆိုင်လုပ်ငန်းများသည် အထိနာသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ဆိုင် ထိုင်စားခွင့်နှင့်အတူ ပြန်လည် စတင်၍ လည်ပတ်လာသည်မှာ လပိုင်းခန့်သာ ရှိသေးသည်။

ကိုဗစ် တတိယလှိုင်းတွင် ပိတ်သိမ်းလိုက်ရသည့် စားသောက်ဆိုင် အများအပြားရှိခဲ့ကြောင်း၊ လက်ရှိအချိန်ထိ နလန်မထူနိုင် သည့် စားသောက်ဆိုင်များလည်း ရှိကြောင်း သိရသည်။