CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် ရေလမ်းကြောင်းကို စစ်ဆေးမှုများသည် ပိုမိုတင်းကြပ်လာနေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

လတ်တလောတွင် ဆေးဝါးပစ္စည်း၊ စားသုံးဆီနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ထောက်ခံစာပါရှိမှသာ သယ်ဆောင်ခွင့်ရှိသည်ဟု ချင်းပြည်နယ် ကုန်သည်ကြီးများအသင်း ဘဏ္ဍာရေးမှူး ဦးခင်အောင်က CNI သတင်း ဌာနသို့ ပြောသည်။

“အခုက နိုင်ငံရေးက ကျောက်တော်မှာလည်း ကာဖျူးက ထုတ်ထားတော့ ဟုတ်တယ်။ အပြန်ကို ဟိုဘက်က ပြန်လာရင် အပြန်တင်းကြပ်လိုက်၊ နည်းနည်း ပြန်တင်းကြပ်နေတာ ဟုတ်တယ်။ ကုန်ပစ္စည်းတွေ စစ်တယ်။ အရင်တုန်းက ကုန်ပစ္စည်းတွေ သိပ်မစစ်ဘူးလေ။ လူလောက်ပဲ စစ်တယ်။ အခုက ကုန်ပစ္စည်းလည်း စစ်တယ်။ စားသုံးဆီရယ်၊ နောက်ပြီးတော့ ဆေးဝါးရယ်၊ နောက်ပြီးတော့ ဘာလဲမသိဘူး ၃ မျိုးပေါ့။ အဲဒါကို သူတို့ သယ်ခွင့် မပေးဘူး။ အဲဒါကို မျှောစာပေါ့ သူတို့ကအစိုးရနဲ့ သယ်ပေးမှာပေါ့။ အဲဒါပြောတာပဲလေ။ စပြေးဆွဲတုန်းက ပေးတယ်။ အခုလောလောဆယ် သူတို့ AA နဲ့ စစ်ရေးတင်းမာတော့ ပြန်ပြီးတော့ ပိတ်လိုက်တဲ့သဘော” ဟု ပြော သည်။

ကျောက်တော်နှင့် ပလက်ဝရေလမ်းကြောင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ တစ်ပတ်လျှင် သောကြာနှင့် စနေ နှစ်ကြိမ်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် စီးနင်းခ ၂၀၀၀ ကျပ်ပေးရကြောင်း သိရသည်။

စတင်ပြေးဆွဲသည့်အချိန်တွင် မည်သည့်ကုန်ပစ္စည်းကိုမဆို သယ်ဆောင်ခွင့်ပြုခဲ့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ ဆေးဝါး၊ စားသုံးဆီနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့် ကန့်သတ်လိုက်ခြင်း ဖြစ် ကြောင်း ပလက်ဝဒေသခံများက ပြောသည်။

ယင်းကန့်သတ်ချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို မေးမြန်းရာတွင်

“ဆန်တွေ၊ ဆီတွေ သယ်တဲ့ဟာတွေက နည်းနည်း မေးကြည့်မယ်နော့်။ ဘာကြောင့်ဆိုတော့ ဒီဘက်မှာလည်း EAO တွေက ရှိနေတော့လေ။ အဲဒီအပိုင်းတွေနဲ့များ ပတ်သက်ပြီးတော့ ရှိနေသလား။ အရင်တုန်းကတော့ အဲဒီဟာ မသိ ဘူး။ သို့သော် ပြည်နယ်အတွင်းမှာတော့ တချို့စားသောက်ကုန်တွေ၊ နောက် ဘိလပ်မြေတွေ၊ ဓာတ်မြေဩဇာတွေ သယ်တဲ့အခါတော့ ထိန်းချုပ်ထားတာ ရှိတယ် ငါသိတယ်နော့်။ ကျန်တဲ့ဟာတွေက ရှိမရှိ မေးကြည့်မှသိမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကျောက်တော်မှ ပလက်ဝသို့ ကုန်ပစ္စည်းများကို သယ်ဆောင်ရာတွင်လည်းကောင်း၊ ပလက်ဝမှ ကျောက်တော်သို့ ကုန်ပစ္စည်း သယ်ဆောင်ရာတွင်လည်းကောင်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေပြီး စစ်ဆေး သည့်နေရာတွင် ငွေကောက်ခံနေမှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ကန့်သတ်ထားသည့် ကုန်ပစ္စည်းများ သယ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ၏ ထောက်ခံစာပါရှိမှသာ သယ် ဆောင်ခွင့် ရရှိမည်ဆိုသော်လည်း လတ်တလောတွင် မည်သည့်ဌာနသို့ လျှောက်ထားရမည်ကို ညွှန်ကြားထားခြင်း တစ်စုံတရာ မရှိသေးကြောင်း သိရသည်။