CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ဘိလပ်မြေဈေးနှုန်းများ ယခင်ကထက် နှစ်ဆနီးပါး မြင့်တက်နေပြီး ဝယ်ယူရ ခက်ခဲနေ ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂ လခန့်တွင် ဘိလပ်မြေ တစ်အိတ်လျှင် ၇၀၀၀ ကျပ်သာရှိသော်လည်း လက်ရှိ၌ ၁၆၀၀၀ ကျပ်ကျော် မြင့်တက်နေ ကြောင်း၊ မြို့နယ်တစ်ခုနှင့်တစ်ခု သယ်ဆောင်ရာတွင်လည်း ဌာနဆိုင်ရာများ၏ လက်မှတ် ပါရှိမှသာ သယ်ဆောင်ခွင့် ရရှိခြင်း ကြောင့် ခက်ခဲနေခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘိလပ်မြေတွေက တအားဈေးတက်တယ်။ အခုက ၁၆၀၀၀ ပတ်လည်လောက်ရှိတယ်။ ရှာလို့တောင် မရဘူး။ အာဏာမသိမ်းခင်က ဘိလပ်မြေတစ်အိတ်ကို ၇၀၀၀ လောက်ပဲ ရှိတာ။ အခုတော့ ၁၇၀၀၀ ဆိုတော့ ၁၀၀၀၀ လောက် ပို သွားပြီ။ စိန်တွေဆိုလို့ရှိရင် ရှာလို့မရဘူး။ စိန်ကတော့ ယိုးဒယားက လာတာကိုး။ ယိုးဒယားက လာတဲ့အခါ ယိုးဒယားက ကုန် ပစ္စည်းတွေ အဝင်နည်းတာနဲ့ တူတယ်။ ယိုးဒယားက ဝင်လာပြီးမှ မြန်မာနိုင်ငံရဲ့ အနောက်ဘက်စွန်း ရခိုင်ကိုရောက်ရင်တော့ ဈေးက တအားတက်သွားတာကိုး။ ဘယ်လိုဟာကြောင့်လဲတော့ မသိဘူး။ လယ်ယာသုံး စက်ကိရိယာ၊ မြေဩဇာကအစ မဆိုင်တာ ဆိုင်တာ အကုန် နစက နယ်လုံဝန်ကြီးဆီက လက်မှတ်ပါပြီးမှ သွင်းရမယ်ဆိုလို့ရှိရင် ထော်လာဂျီတွေ အကုန်လုံး သွင်းလို့မရဘူး အဲဒါလည်း တစ်ကြောင်းပါတယ်။ အဲဒီကြောင့်လည်း ပါတယ်ဗျာ ပစ္စည်းတွေက လွယ်လွယ်ကူကူ မရောက်နိုင် ဘူး ဒီမှာကို”ဟု ပြောသည်။

ဘိလပ်မြေကို ယခင်က လိုအပ်သလောက် ဝယ်ယူ၍ရသော်လည်း ယခုလက်ရှိတွင် ၁၀ ရက်လျှင် ဘိလပ်မြေအိတ်ရေ ၂၅၀ သာရှိတော့ကြောင်း ရခိုင်ပြည်နယ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်များထံမှ သိရသည်။

ထိုပမာဏသည် အိမ်ဆောက် ပစ္စည်းရောင်းချသည့် ဆိုင်များအတွက် တစ်နေ့တာ ရောင်းချသော ပမာဏဖြစ်နေကြောင်း၊ ကျန်ရှိသည့် ဘိလပ်မြေ ပြန်လည် ဝင်ရောက်မည့်နေ့ မတိုင်ခင်အထိ ဆိုင်များတွင် ပြတ်လပ်လျှက်ဖြစ်နေကြောင်း၊ ထိုသို့ ဖြစ် လာခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိသည့် အခြေအနေ ဖြစ်နေကြောင်း ကျောက်တော်မြို့နယ်ရှိ လေးဝ တီ အိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမတို့ဆီကို စစ်တွေမှာ ထိုင်နေတဲ့ အောင်ဇေကမ္ဘာကုမ္ပဏီက Crow ဆိုတဲ့ ဘိလပ်မြေကို ဖြန့်ချီပါတယ်။ ကျမက လည်း သူတို့ကုမ္ပဏီရဲ့ ဖောက်သည်တစ်ဦးပေါ့နော်။ သူတို့ဆီမှာ ကျမတို့က အမြဲတမ်း ခွဲတမ်းရသလောက်ကို ယူနေတဲ့ ဖောက်သည် တစ်ယောက်ပေါ့။ အရင်ကတော့ ကျမတို့ မိုးရာသီမှာတော့ ကြိုက်သလို ယူလို့ရပါတယ်။ အခုချိန်မှာတော့ ကျမ တို့ကို ခွဲတမ်းက သင်္ဘောတစ်စီးကို ၂၅၀ ပဲ ပေးပါတယ်။ သင်္ဘောတစ်စီးကို ၂၅၀ ပဲပေးတော့ သင်္ဘောတစ်စီးရောက်ပြီး နောက်တစ်စီးရောက်ဖို့က ၁၀ ရက်လောက်ကို စောင့်ရပါတယ်။ အဲလို ၁၀ ရက်လောက် စောင့်ရတော့ ကျမတို့ဆိုင်က တစ်နေ့ ကို အလုံး ၂၀၀ လောက် ရောင်းရပါတယ်။ အဲလိုရောင်းရတော့ ဝယ်မယ့်ဘိလပ်မြေနဲ့ ထွက်တဲ့ဘိလပ်မြေက မမျှတဘူး ဖြစ် နေပါတယ်”ဟု ပြောသည်။

ဘိလပ်မြေ လုံလောက်စွာ မရရှိခြင်းနှင့် ဈေးနှုန်း အဆမတန် မြင့်မားနေမှုကြောင့် ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်း များစွာ ယာယီရပ်နားနေရသည့်အခြေအနေဖြစ်နေပြီး ယင်းအထဲတွင် အစိုးရတင်ဒါ အောင်ထားသည့် လုပ်ငန်းများလည်း ပါဝင်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်း အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အစိုးရဘတ်ဂျက်တွေ တင်ဒါအောင်ထားတဲ့သူတွေ ရှိမှာပေါ့နော်။ သူတို့က ခန့်မှန်းထားတဲ့စရိတ်ထက် အများကြီး တက်လာ တဲ့ အခါကျတော့ သူတို့ မဝယ်သုံးနိုင်တော့ဘူးလေ။ မဖြစ်မနေ သုံးမယ်ဆိုရင်တောင်မှ ဈေးကွက်ထဲမှာ ပစ္စည်းက လိုသ လောက် ဝယ်လို့ မရနိုင်ဘူး။ သဘောက လမ်းခင်းဖို့အတွက် ဘိလပ်မြေ အိတ် ၁၀၀ လိုလို့ဆိုရင် ဝယ်လို့ရတာ ၂၀၀ ပဲရတယ်။ အလုပ်လုပ်လို့မရဘူး။ စောင့်နေရတဲ့ သဘောမှာ ရှိနေတယ် တချို့လုပ်ငန်းတွေက။ လိုအပ်ချက်ကတော့ ရှိမယ် ထင်တယ်။ စောင့်ဆိုင်းနေကြတဲ့ သူတွေအားလုံးမှာ ရှိပါတယ်။ ပြန်ပြီးတော့ ဈေးကျမလား ဘိလပ်မြေ ဘယ်အချိန်လောက် ပေါပေါများများ ရမလဲပေါ့နော်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တခြားတိုင်းဒေသကြီးတချို့နှင့် ပြည်နယ်တချို့ထက် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်ခြင်းကြောင့် ဘိလပ်မြေဈေးနှုန်းများ ပိုမို မြင့်မားနေခြင်းကို တွေ့ရသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း ဘိလပ်မြေ ဈေးနှုန်းမြင့်တက်မှုနှင့် လိုအပ်သည့်ပမာဏ မရှိခြင်းသည် လွန်ခဲ့သည့် နှစ်လ ကတည်းကပင် ဖြစ်နေကြောင်း၊ ထိုအခြေအနေမှာ ပင်လယ်ရေကြောင်းမှ သွင်းကုန်ကန့်သတ်ချက်များကြောင့်လည်း ပါဝင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။