CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

သုံးလကျော်ကြာ ပိတ်ထားသည့် ကျောက်တော်(ရခိုင်ပြည်နယ်)နှင့် ပလက်ဝ(ချင်းပြည်နယ်) ရေလမ်းကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆန်နှင့် ကုန်ဈေးနှုန်းများ ပြန်ကျလာကြောင်း ပလက်ဝ ဒေသခံများထံမှ သိရသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ပြန်လည်ဖွင့်ပြီဆိုသော်လည်း စက်လှေများကို ခွင့်ပြုပေးခြင်း မရှိ သေးကြောင်း၊ အစိုးရပိုင် ဇတ်ရေယာဉ်ဖြင့်သာ တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း ပလက်ဝ ဒေသခံ ဦးအောင်အောင်ခင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုရက်ကတော့ (ဆန်တစ်အိတ်) ၁ သိန်း၊ ၉ သောင်းခွဲ ပေးရင်တောင်မှ ဝယ်လို့ရမယ့်နေရာ မရှိဘူး။ ဈေး ကတော့ ပေါက်တယ်၊ ရှာဝယ်လို့ မရဘူးပေါ့နော်။ အခုက ဝယ်လို့ရပြီ ၇၁၀၀၀။ ပေါ်ဆန်းကို ကျနော်တို့ အောက်ဘက်မှာစားတဲ့ ရှယ်ကြီးတော့ မဟုတ်ဘူး၊ ပေါ်ဆန်းအလတ်ပေါ့။ ဒီမှာက ပေါ်ဆန်း အလတ်စကိုပဲ အကောင်းဆုံးစားထားကြတာ အဲဒါက ၇၁၀၀၀။ စက်သုံးဆီက ရောက်တယ်။ စက်သုံးဆီက နဂိုဈေးပဲ မကျ သေး ဘူး။ နည်းနည်းတော့ ကျသွားတယ်။ တချို့ နေရာလေးတွေမှာတော့ ကျသွားတဲ့ အရိပ်အရောင်လေးတွေတော့ ရှိ တယ်။ ဒါပေမယ့် ဒိုင်ကကျတော့ ဆီဆိုင်တွေမှာတော့ ၂၀၀၀၀၊ ၂၁၀၀၀ အခုထိတော့ မကျသေးဘူး ၁ ဂါလံကို” ဟု ပြောသည်။

ကျောက်တော်-ပလက်ဝ ဇတ်ရေယာဉ်ဖြင့် ပြေးဆွဲပေးနေစဉ်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည့် ဩဂုတ်လတွင် ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကာ ပြန်လည် ဖွင့်ပေးခဲ့သည်။

ပလက်ဝဒေသခံ ဦးအောင်အောင်ခင်က “ဖွင့်ပါပြီခင်ဗျ။ စနေနေ့က သင်္ဘောတက်လာတယ်။ တနင်္ဂနွေနေ့က ပြန်ဆင်းသွားတယ်။ အင်္ဂါနေ့ လာမယ်လို့ ပြောတယ်။ တစ်ပတ်ကို နှစ်ရက်တဲ့ နှစ်ရက်လာမယ်ပြောတယ်။ စနေနေ့ လာတုန်းက ကုန်စည်တွေပါပါတယ် အပြည့်ပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကျောက်တော်နှင့် ပလက်ဝသို့ ပြေးဆွဲသည့် ဇတ်ရေယာဉ်သည် တစ်ပတ်လျှင် နှစ်ကြိမ်သာ ပြေးဆွဲခြင်းနှင့် လူဦး ရေ ၁၀၀ ခန့်သာ စီးနင်း လိုက်ပါနိုင်ခြင်းကြောင့် ပလက်ဝဒေသခံများအတွက် အခက်အခဲ အနည်းအငယ် ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် စက်လှေငယ်များကိုပါ ပြေးဆွဲခွင့်ပြုရန် လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာကြာ ပိတ်ထားသည့် ကုန်း လမ်းကြောင်းကိုလည်း ဖွင့်ပေးစေလိုကြောင်း ပလက်ဝဒေသခံများက ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းသည် ပလက်ဝ ဒေသခံများ၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး စသည့် ကိစ္စရပ်များအတွက် အဓိက အားထားနေရသည့် လမ်းကြောင်း ဖြစ်သည်။