CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံရှိ ပြည်တွင်း/ပြည်ပခရီးသွား ဝင်ရောက်မှုများပြားသည့် ဒေသများမှ ဟိုတယ်လုပ်ငန်းများအား စက်ရုံ၊ အလုပ်ရုံများကဲ့သို့ လျှပ်စစ်မီးပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးအား အချိန်အပိုင်းအခြားဖြင့် ပေးဝေနေသော်လည်း အချို့နေရာဒေသတွင် ညလုံးပေါက် လျှပ်စစ်မီး မရခြင်းနှင့် တစ်နေ့တာလုံး လျှပ်စစ်မီး မရခြင်းတို့ ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် ဟိုတယ်လုပ်ငန်း တွင် မီးစက်နှင့်အသုံးပြု နေရသဖြင့် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ပုဂံဟိုတယ်ဇုန်)မှ ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

လျှပ်စစ်မီး မရလို့ မီးစက်နှိုးအသုံးပြုနေစဉ်

“ဆီဈေးကလည်း တစ်ဂါလံကို ၁၂၀၀၀၊ ၁၃၀၀၀ ဆိုတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အန်ကယ်တို့ ဟိုတယ်သုံး မီးစက်ကြီးတွေဆိုတာလေ တစ်နာရီကို ၄ ဂါလံလောက် ကုန်တယ်။ အဲဒီ ၄ ဂါလံလောက် ဒါ ၁၂၀၀၀ လောက်နဲ့ပဲ မြှောက်ကြည့်ပါဦး။ ဘယ်လိုလုပ် ကိုက်တော့မလဲ။ မီးစက်တစ်ခါ နှိုးလိုက်ရင် မကုန်ပါဘူးဆိုရင် တစ်နာရီကို လေးသောင်းနဲ့ ငါးသောင်းအောက် ဖြစ်ကုန်တယ်။ အခန်းခရတာမှ နှစ်သောင်းခွဲ၊ သုံးသောင်းခွဲ၊ လေးသောင်းခွဲ ဒီလောက် ကလေးတွေပဲရတာ။ တစ်နာရီ မီးစက် နှိုးပေးလိုက်ရင် အဲဒီအခန်းခက ပျောက်သွားရော။ တစ်နာရီပဲ ရှိသေးတယ်။ ၄၊ ၅ ၊ ၆ နာရီသာ နှိုးရရင်တော့ မကိုက်တော့ဘူးလေ ရှုံးတယ်။ အခက်အခဲကတော့ အဲဒါပဲ လော လောဆယ်။ အဓိကကတော့ ဟိုတယ်လုပ်ငန်း အတွက်ကကြတော့ နံပါတ်တစ် ဦးစားပေးက ညပိုင်းကို မီးလာ ပေးရင်တော့ ပိုကောင်းတာပေါ့။ နေ့ပိုင်းကိုတော့ ရတယ်။ ညပိုင်းကိုတော့ ဦးစားပေးပြီးတော့ မီးပေးသင့်တာပေါ့။ မိုးမကျသေးဘူးဆိုရင် လောပိတက ရေအားက မနိုင်တော့ဘူးလေ။ အခုတောင်မှ ရေအားနည်းနေပြီ။ တာဘိုင် ၃ လုံးဆိုရင် ၃လုံး မလည်နိုင်ဘူး။ မျှလည်ပေးနေရတာ။ အဲဒီ ၃ လုံးလုံးသာ လှည့်ချလိုက်ရင် ရေပြတ်သွားရင် တစ်နွေလုံး မီးမလာဘဲ ဖြစ်သွားမှာပေါ့။ လ တော်တော်များများက” ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ လျှပ်စစ်မီးအား ၄ နာရီခြားတစ်ခါ အချိန် အပိုင်း အခြားဖြင့် ပြန်လည်ပေးဝေနေသော်လည်း နေရာဒေသအပေါ် မူတည်ကာ လျှပ်စစ်မီးရရှိမှု ပမာဏမှာ နည်းပါး လျက်ရှိသည်။

ခရီးသွားဝင်ရောက်မှုများသည့် နေရာဒေသတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် ပြည်ပ နိုင်ငံခြားသား ခရီးသွားများ၏ အမြင်တွင် မြန်မာနိုင်ငံ၏ပုံရိပ် မှာ ကျဆင်းစေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဘုရားများကြား ဖြတ်သန်းကာ အမျိုးသမီးတစ်ဦးစက်ဘီးစီးနေစဉ်

“မီးက မရှိဘူးဆိုတဲ့ဟာမျိုးနဲ့ ပတ်သက်ပြီးတော့ တစ်ကမ္ဘာလုံး သိသွားသလို ဖြစ်သွားမှာပေါ့။ အဲဒါကတော့ တိုင်းပြည်ရဲ့ image က မကောင်းဘူးပေါ့။ မြန်မာနိုင်ငံထဲမှာ ဒီလိုလျှပ်စစ်မီးက မရဘူးဆိုတာမှာ တစ်ဖက်မှာ ဘာဖြစ်လာလဲဆိုတော့ ဒီခရီးသွားလုပ်ငန်းကနေ အခြေပြုပြီးတော့ ခရီးသည်အနေနဲ့ ဝင်ရောက်လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့အတွက် လာရောက်စုံစမ်းတဲ့ business traveler တွေအတွက်လည်း မကောင်းဘူးပေါ့၊ ဒါကလေ image မကောင်းတာဘဲ ဖြစ်သွားပါတယ်။ ဒီခရီးသည်တွေ အများဆုံးသွားတဲ့ နေရာတွေမှာတော့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးနေရတာတွေ ရှိတယ်။ ဒီနေရာတွေမှာ လျှပ်စစ်နဲ့ပတ်သက်ပြီးကတော့ ပိုပြီးတော့ ရှိထားသင့်တယ်ပေါ့။ ဒီတော့မှသာ ဝန်ဆောင်မှု လုပ်ငန်းတွေ မပြတ်မှာပေါ့။ ဥပမာ လျှပ်စစ်မီးမလာလို့ ရေမတင် ရဘူး ဆိုတာကြောင့် ဧည့်သည်တွေကို ရေမပေးနိုင်ဘူးဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတာမျိုးတွေပေါ့။ ဒါကြောင့်မို့လို့ ဒီလိုနေရာမျိုးတွေမှာတော့ ဦးစားပေးပြီးတော့ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီအတွက်ကြောင့် ကျနော် တို့ စီးပွားရေး လုပ်ငန်းလည်း လိုအပ်တဲ့ စက်မှုဇုန်တွေကို လျှပ်စစ်ဓာတ်အား ပေးသလိုပဲ ဟိုတယ်တွေ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတဲ့ နေရာတွေမှာ ခရီးသွားလုပ်ငန်းကို အားထားနေရတဲ့ နေရာတွေမှာ လျှပ်စစ်မီးကတော့ ပိုပြီး ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဆောင်းရာသီတွင် ယခုကဲ့သို့ လျှပ်စစ်မီး မရရှိခြင်းများ ကြုံတွေ့နေရသဖြင့် လာမည့် နွေရာသီတွင်လည်း လျှပ်စစ်မီး ဖြတ်တောက်မှုမှာ ပိုမို ရှိလာနိုင်သည့်အတွက် စက်ရုံ၊ အလုပ်ရုံများကဲ့သို့ လျှပ်စစ်မီးပေးဝေရန် ဟိုတယ် လုပ်ငန်းများမှ မျှော်လင့်နေကြသည်။

လျှပ်စစ်မီး မရရှိသဖြင့် မီးစက်ကို အသုံးပြုရခြင်းကြောင့် ဟိုတယ်လုပ်ငန်းများတွင် ဝန်ဆောင်ခစရိတ်မှာ ယခင်က ထက် ပိုမိုကောက်ခံလာနိုင်သဖြင့် ခရီးသွားများအပေါ်မှာ သက်ရောက်မှု သွားရှိမည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း ရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

စစ်ကိုင်းမြို့သို့ ကူးဖြတ်နေကြစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးဇော်ဇော်က “အခန်းနည်းတဲ့ အချိန်ဆိုရင် မီးပျက်လို့ရှိရင် ဆီဖိုးနဲ့ အဲဒီနေ့ဆို ရှုံးတောင် ရှုံးတယ်။ မတိုးတော့ မတိုးသေးဘူး။ နည်းနည်းလေးတော့ စောင့် ကြည့် နေသေးတာပေါ့။ မီးလေးများ မှန်မလား မှန်မလားနဲ့။ ဒီအတိုင်းသာ ကျနော်တို့ ဆက်သွားမယ် ဆိုရင်တော့ ကျနော်ထင်တယ် အခန်းဝန်ဆောင်ခတွေတော့ တက်ရမယ့် အနေအထား ဖြစ်လာတယ်။ ဒီအတိုင်းပဲ ဆက်သွား မယ် မီးကလည်း အခုတိုင်းပဲ ပျက်နေမယ်ဆိုရင်တော့ ကျနော်တို့ ဟိုတယ်လုပ်ငန်းရှင်တွေအတွက် အခက်အခဲ တစ်ခု ဖြစ်လာနိုင်တယ်။ ပြီးတော့ ဆီဈေးကလည်း အခုနောက်ပိုင်း ပြန်တက်လာတော့လေ။ ဆီဝယ်လိုအားလည်း ကျနော်တို့ဘက်မှာ နည်းနည်းလေး များတော့ demand နဲ့ supply မမျှတော့ ဆီလည်း နည်းနည်းလေး ဈေးလေး တက်တာ ရှိတာပေါ့။ အဲဒီတော့ ကျနော်တို့တွေရဲ့ အခက်အခဲက ပိုကြီးလာတာပေါ့။ အခန်းခတွေ တက်သွားရင် တော့ ဒါထုံးစံပါပဲ။ မလိုအပ်ပဲနဲ့တော့ ဟိုတယ်တည်းတာတွေ လုပ်လာမှာ မဟုတ်တော့ဘူး။ တည်းခိုခန်းတွေ ပြောင်းတည်းတာတွေ ရှိလာမယ်။ တချို့မလိုလားအပ်ပဲနဲ့ ခရီးသွားတာတွေ လျှော့လာတာ ရှိမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ဟိုတယ်လုပ်ငန်းများအတွက် စက်ရုံ၊ အလုပ်ရုံများကဲ့သို့ ချွင်းချက်အနေဖြင့် လျှပ်စစ်မီးပေးရန် တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ခရီးသွားနေရာ ဒေသများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နည်းပါးလျက်ရှိပြီး လာမည့် ခရစ္စမတ်နှင့် New Year ပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှု များလိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။