CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မြန်မာ့ပြောင်းများသည် ပြည်တွင်း၊ ပြည်ပ လိုအပ်ချက်များကြောင့် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများကာ ဈေးကောင်း ရရှိနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်မှာ ပြောင်းတန်ချိန် ၆ သိန်းခန့်ရှိပြီး ပြည်ပလိုအပ်ချက်မှာ တန်ချိန် ၄ သန်း ကျော် ရှိသည့်အတွက် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများကာ ဈေးကောင်းရနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင်က “အန်ကယ်တို့ သတ်မှတ်တာဆိုရင် ပြည်တွင်းမှာ ဝယ်တဲ့ဈေးကွက်ရှိမယ်၊ နောက် Border ဈေးကွက်ရှိမယ်၊ နောက် သင်္ဘောတင်တဲ့ FOP ဈေးကွက်ရှိတာပေါ့။ ၃ ခု စလုံးက ဈေးကွက်ပေါက်ဈေးကတော့ ဈေးမြင့်တယ်၊ အမြင့်ဈေးရတယ်ပြောလို့ရတာပေါ့။ ဥပမာ ပြည်တွင်းဈေး ဆိုရင် ရန်ကုန် ဘုရင့်နောင်ပေါက်ဈေး အစာစက်ရုံဈေးဆိုရင် တစ်ပိဿာကို ၈၂၀ ဝန်းကျင်လောက်ဖြစ်နေပြီ။ Border ဆိုရင် မြဝတီတို့ တရုတ်ဘက်တွေမှာဆိုရင် တစ်ပိဿာကို ၈၄၀၊ ၈၆၀၊ ၈၇၀ လောက်ဖြစ်နေကြတယ်” ဟု ဆိုသည်။

မိုးပြောင်းအား ပျိုးထောင်ချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေသည့်အချိန် ဖြစ်တာကြောင့် မရိတ်သိမ်းနိုင်သဖြင့် သီးနှံများပျက်ဆီးသွားခြင်း၊ ဆောင်းပြောင်းစိုက်ပျိုးချိန်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တင်သွားမှုကြောင့် သွင်းအားစုစရိတ် မတက်နိုင်သဖြင့် ပြောင်းအစား အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းလျော့နည်းခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပြောင်းထွက်ရှိမှု အများဆုံးမှာ တန်ချိန် ၃ သန်းခန့်သာရှိပြီး လက်ရှိတွင် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့ သာမက အခြားသော ပြည်ပနိုင်ငံများကပါ ဝယ်ယူနေသည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအားမမျှ ဖြစ်နေခြင်း ဖြစ်သည်။

ထိုသို့အခြေအနေများကြောင့် လက်ရှိတွင် ပြောင်းစိုက်တောင်သူများအတွက် ဈေးကောင်းရနေကြောင်း သိရ သည်။

ပြည်ပနိုင်ငံများမှ မြန်မာ့ပြောင်းများအား ဝယ်လိုအားများနေရခြင်းနှင့်ပတ်သက်၍ ဦးမင်းခိုင်က ယခုကဲ့သို့ ပြောသည်။

“အဓိကက တို့‌ဒေသတွင်းမှာ စိုက်တာပေါ့။ ကမ္ဘာပေါ်မှာတော့ ပြောင်းစိုက်တာ နှစ်မျိုးရှိတယ်။ မျိုးရိုးဗီဇကို ပြင်ထားတဲ့ GMO ပြောင်းပေါ့ အဲဒါကတော့ လူ၊ တိရစ္ဆာန်တွေ စားသုံးဖို့အတွက် မသင့်တော်တဲ့ပြောင်းမျိုးပေါ့။ အဲ့ GMO ပြောင်းက တော်တော်များများစိုက်တယ်။ ဗမာပြည်မှာရှိတာက အဲဒီလိုမျိုးရိုးဗီဇပြင်မထားတဲ့ပြောင်းပေါ့။ သဘာဝအတိုင်းရှိတဲ့ Non GMO ပြောင်းပေါ့။ အဲဒါက တို့ဗမာနိုင်ငံတစ်ခုရယ်၊ နောက် ထိုင်းနိုင်ငံလိုနေရာမျိုးပေါ့။ Non GMO ပဲ စိုက်တယ်၊ GMO မစိုက်ဘူးပေါ့။ ဒါကြောင့် ဘာပဲပြောပြော လူ၊ တိရစ္ဆာန်တွေအတွက် အန္တရာယ် ကင်းတဲ့ပြောင်းဖြစ်တဲ့အတွက် ဗမာပြည်က ပြောင်းကို သူတို့ပိုပြီးတော့စိတ်ဝင်စားကြတာပေါ့”ဟု ၎င်းက ဆိုသည်။

မြန်မာ့ပြောင်းအား နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်၊ လာအို၊ ထိုင်း စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းမှ တဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ် စသည့် နိုင်ငံများသို့ တင်ပို့လျက် ရှိသည်။

လက်ရှိတွင် မြန်မာ့ အစေ့ထုတ်ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည်။
မြန်မာနိုင်ငံတွင် ပြောင်းအား ဆောင်းပြောင်း၊ နွေပြောင်း၊ မိုးပြောင်းဟူ၍ စိုက်ပျိုးကြကာ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။