CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ထိုင်းသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် MOU အလုပ်သမားများအနေဖြင့် စာချုပ်သက်တမ်းတိုးရန်အတွက် မိမိနိုင်ငံသို့ ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံ၌ သက်တမ်းတိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ယခုလို လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာအပါအဝင် အခြားနိုင်ငံများမှ MOU အလုပ်သမားများအတွက် ပို၍ အဆင်ပြေ ကြောင်း ဦးထူးချစ်က ဆိုသည်။
“ပြန်ပြီဆိုလို့ရှိရင် တရားဝင်ပဲပြန်ပြန် ကိုယ့်ဘာသာနဲ့ကိုယ်ပြန်တာရှိသလို၊ ပွဲစားတွေနဲ့ပြန်တာရှိတယ်။ တစုံ တရာကတော့ စရိတ်စကပေါ့။ ဥပမာအားဖြင့် မ‌ကွေးကနေပြီးတော့ လာလုပ်စားတဲ့သူဆိုလို့ရှိရင် မကွေးပြန်ရ မယ်။

ရခိုင်ကလာတဲ့သူဆို ရခိုင်အထိ ပြန်ရမှာတို့ ဆိုတော့ အဲဒါတွေက အလုပ်သမားတွေအတွက် မလိုလား အပ်ဘဲနဲ့ စရိတ်စကတွေနဲ့အချိန်ပေါ့။ အချိန်လည်းကုန်တယ်။ နောက်တစ်ခုက ထိုင်းလုပ်ငန်းရှင်တွေအတွက် လည်း အများကြီးအကျိုးရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ အခုလိုမျိုး ထိုင်းနိုင်ငံမှာ သက်တမ်းတိုးလို့ရတာကို ကျနော် တို့အနေနဲ့ ထောက်ခံတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ၂ နှစ် လုပ်ကိုင်ခွင့်ရရှိကာ သက်တမ်းပြည့်သွားပါက မိမိနိုင်ငံသို့ပြန်လာ၍ သက်တမ်း ၂ နှစ် ထပ်မံတိုးပြီးမှ ထိုင်းသို့ ပြန်သွားပြီး အလုပ်လုပ်ရခြင်းဖြစ်သည်။

လက်ရှိတွင် စာချုပ်သက်တမ်းတိုးလုပ်ဆောင်ရန်အတွက် အချိန်နှင့် နေရာအား ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သိရသည်။
ထိုသို့ သက်တမ်းတိုးလုပ်‌ဆောင်ရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမိတ္တူ စသည်တို့ လိုအပ်နိုင်ကြောင်းနှင့် သတိထားရမည့် အရာများနှင့်ပတ်သက်၍လည်း ဦးထူးချစ်က ဆက်ပြောသည်။

“အဓိကက အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေ သံရုံးမှာပဲလုပ်လုပ်၊ ကျန်တဲ့ ပွဲစားတွေနဲ့ပဲလုပ်လုပ်၊ ထိုင်းအစိုးရနဲ့ပဲလုပ်လုပ် သူတို့က ပွဲစားတွေကိုပဲ အများစုမှီခိုနေရတယ်။ တချို့တွေက လည်း မှန်မှန်ကန်ကန်နဲ့ ဝန်ဆောင်မှုယူတဲ့ လူတွေရှိသလို၊ အလုပ်သမားတွေအပေါ်မှာ မတရားခေါင်းပုံဖြတ်တယ်၊ လိုအပ်တာထက်ပိုပြီးယူတယ်၊ လိမ်ညာပြီးတော့ လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးဘူး။

အဲဒါတွေကိုတော့ အဓိက သတိထားရမယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုယ့်နီးစပ်ရာ အလုပ်သမား အဖွဲ့အစည်း တွေနဲ့ တစုံတရာမေးစမ်းပြီးတော့ ကိုယ့်ရဲ့ဝန်ဆောင်မှုပေးပြီးတော့ ပွဲစားနဲ့လုပ်မယ်ဆိုရင်တောင်မှပဲ စနစ်တကျ ဝန်ဆောင်မှုပေးနိုင်တဲ့ လူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရမှ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)ဖြင့် အလုပ်သမားများ ခေါ်ယူနေသည့်အတွက် သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအား အမြန်ဆုံးစေလွှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် သွားရောက် လုပ်ကိုင်မည်ဆိုပါက ထိုင်းအစိုးရမှ သတ်မှတ်ထားသည့်စရိတ်မှာ ထိုင်း ဘတ်ငွေ ၁၀၀၀၀ (တစ်သောင်း)ကျော်ကနေ ၂၀၀၀၀(နှစ်သောင်း)အထိရှိကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။