CNI News

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကိုင်းရှည်ရပ်ကွက်တွင် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက လူနေအိမ်ကြား စက်သုံးဆီဆိုင် ဆောက်လုပ်နေခြင်းကို ဌာနဆိုင်ရာများက ခွင့်ပြုထားခြင်းသည် ပြည်သူအပေါ် အလေးမထားရာ ရောက် ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

လက်ရှိတွင် ထိုစက်သုံးဆီဆိုင် ဆောက်လုပ်နေမှုသည် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဒေသခံများ ကန့်ကွက် ဆန္ဒ ပြနေကြခြင်းက စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း ဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်ဒေသခံ ကိုရဲလင်းအောင်က “အခုကာလမှာ သူတို့တွေ ဒီလို လုပ်တယ်ဆိုတာကတော့ အာဏာကို အလွဲသုံးစား၊ ပြည်သူရဲ့ သဘောဆန္ဒကို မကြည့်ဘဲနဲ့ သူတို့ ဒီလိုလုပ်မယ် ဆိုလို့ရှိရင်တော့ ပြည်သူတွေအပေါ် အလေးမထားရာ ရောက်ပါ တယ်။ ကျနော်တို့ကလည်း ဒီဆိုင်ဆောက်နေတဲ့လူရဲ့ အကျိုးစီးပွားကို မနာလိုလို့ လုပ်နေတာ မဟုတ်ပါဘူး။ အခု တကယ်လို့ သူလုပ်လို့ ရသွားတယ်ဆိုလို့ရှိရင် ကျန်တဲ့စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဝင်လာမှာပဲလေ။

သူတစ်ဦးတစ်ယောက်ကို ခွင့်ပြုလိုက်တယ်ဆိုလို့ရှိရင် ကျန်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဝင်လာလို့ရှိရင် ကျနော်တို့ ရပ်သူရွာသားတွေ ပိုပြီးတော့ စိုးရိမ်ရတယ်။ စီးပွား‌ရေးလုပ်တာလည်း လုပ်တာပေါ့ဗျာ၊ နည်းနည်းတော့ ကျနော်တို့ ရပ်သူရွာသားတွေဘက်ကို ကြည့်စေချင် တယ်”ဟု ပြောသည်။

စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုကို ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုသို့တင်ပြသည့်စာကိုတွေ့ရစဉ်

လက်ရှိ ဆောက်လုပ်နေသည့် စက်သုံးဆီဆိုင်သည် ကိုင်းရှည်ရပ်ကွက်၊ စည်ပင်နယ်နိမိတ်နှင့် လူနေရပ်ကွက်အတွင်း ဖြစ်သည့်အတွက် ရပ်တန့်ရန် ဒေသခံများမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသော်လည်း ဌာနဆိုင်ရာ များဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိပေ။

ထို့ကြောင့် ဆက်လက်၍လည်း ဆန္ဒပြမှုများ လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း သိရသည်။

ရာအိမ်မှူး ဦးအောင်စိုးက “ကျနော်တို့ ဆက်ပြီး ဆန္ဒဖော်ထုတ်ရမယ့် အဆင့်မျိုးတွေ ဖြစ်နေတာပေါ့။ လက်ရှိ နည်းနည်း မကျေနပ်တဲ့ ပြည်သူများကလည်း ဆက်ပြီး ပြောလာတာပေါ့။ ဘယ်လို ဆက်လုပ်မလဲတို့။ ဆန္ဒပြတယ်ဆိုတာက အများ ပြည်သူရဲ့ ‌တောင့်တမှုနဲ့ ကျနော်တို့ ပြတယ်။ ပြည်သူတွေက မကျေမနပ်ဖြစ်တယ်။ မကျေမနပ်ဆိုတာ အန္တရာယ်များလို့ပါ။ ဆန္ဒဖော်ထုတ်တယ်။ ဆန္ဒဖော်ထုတ်တဲ့ နေရာမှာလည်း အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုရင် ဆင့်ပွား မကျေနပ်ချက်တွေ ပိုပြီးတော့ ပေါ်လာနိုင်တယ်လို့ ကျနော်ထင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက စက်သုံး ဆီဆိုင် ဆောက်လုပ်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ‌ဆောင်ရွက်ပါက ကန့်ကွက်ရန် မရှိကြောင်း ပြည်ထောင်စု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြပေးခဲ့သည်။

တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှာ ဆောက်လုပ်နေသည့် စက်သုံးဆီဆိုင်ကိုတွေ့ရစဉ်

သို့သော် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ စက်သုံးဆီဆိုင်မှာ ဆောက်လုပ်နေဆဲဖြစ်သည်။
ဒေသခံကို ရဲလင်းအောင်က “ထိရောက်မှု ရှိတာမရှိတာကတော့ ဒါကတော့ ကျနော်တို့ ရပ်သူရွာသားတွေ အနေနဲ့ကတော့ ဒါက လုံးဝ လက်မခံနိုင်လို့ ဆန္ဒပြသွားဖို့။ ထိရောက်မှုရှိတာ မရှိတာကတော့ အထက်က လူကြီးတွေရဲ့ ဆုံးဖြတ်မှုပေါ်မှာ မူတည်တာပေါ့။ ဆီဆိုင်ကြီးလုပ်ပြီး သွားတယ်ဆိုရင်လည်း ကျနော်တို့က အမြဲတမ်း ကန့်ကွက်သွားမှာပဲ”ဟု ပြောသည်။

တောင်ကုတ်မြို့နယ်၌ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် တောင်ကုတ်မြို့ စည်ပင်သာယာဧရိယာ အပါအဝင် တောင်ကုတ်မြို့အတွင်း စက်သုံးဆီများ လုံးဝ သိုလှောင်ရောင်းချခြင်းမပြုရန် မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၇ အရ အသိပေး တားမြစ်ထားသည်။

အဆိုပါ နေရာများတွင် စက်သုံးဆီများ သိုလှောင်ရောင်းချခြင်းပြုပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ဇန်နဝါရီ လဆန်းပိုင်းက တောင်ကုတ်မြို့ မြို့ပြင်ဘက်တွင် ဖွင့်ထားသည့် စက်သုံးဆီဆိုင် တစ်ဆိုင် မီး‌လောင်မှု ထပ်မံ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်မှု ပိုများလာခြင်း ဖြစ်သည်။