CNI News

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၅

အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံသို့ မြန်မာနိုင်ငံသားများ အလုပ်ရှာဖွေရန်အတွက် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန် အထိ သွားရောက်ကြသူ အများအပြားရှိနေပြီး တချို့မှာ အလိမ်ခံရမှုများ ကြုံတွေ့နေရကြောင်း UAE ရောက် မြန်မာများထံမှ သိရသည်။

ယခင်က UAE နိုင်ငံသို့ မြန်မာနိုင်ငံသား လူဦးရေ နှစ်သောင်းခန့် လာရောက်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် ၁၀၀၀၀၀(တစ်သိန်း)နီးပါးခန့် လာရောက်ကြကြောင်း UAE နိုင်ငံသို့ ရောက်ရှိနေသည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်သည့် မဟေမာန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မဟေမာန်စိုးက “ဒီနောက်ပိုင်းပေါ့။ ဒီလတွင်းမှာကို ‌တော်တော်ပေါလာတယ်။ ဟိုတစ်နေ့ကဆို အေးဂျင့်နဲ့လာပြီးတော့ အယောက် ၃၀၊ ၄၀ လောက် နေစရာမရှိလို့ဆိုပြီးတော့ ပန်းခြံမှာ နေနေရတဲ့ သူတွေရှိတယ်။ အဲ့လိုမျိုးတွေ အများကြီးပေါ့ တော်တော် ဒုက္ခရောက်တဲ့ သူတွေရှိပါတယ်၊ အခုနောက်ပိုင်းဆို။ အရင်ကဆို အစ်မတို့ အပြင်သွားလို့ရှိရင် မြန်မာဆိုတာ တော်တော်ရှာရခက်တယ်။

အခု အပြင်သွားလို့ရှိရင် ကိုယ်ကလေ လုံးဝမြန်မာနိုင်ငံ ရောက်နေသလိုပဲ။ အခုတလောဆို ချောကလက်စက်ရုံတို့၊ အသီးပါကင်စက်ရုံတို့၊ ရေမွှေးစက်ရုံတို့ ဆိုပြီးတော့ ခေါ်ကြတယ်ပေါ့နော်။ အထူးသဖြင့် အသီးစက်ရုံ ဆို ဒီနိုင်ငံမှာ လုံးဝမရှိတာကွာ။

UAE နိုင်ငံကိုတွေ့ရစဉ်

ဒီနိုင်ငံမှာက ကန္တာရလို ဖြစ်နေတဲ့အတွက် ဘာစားပင် သီးပင်မှ စိုက်လို့မရဘူး။ အသီးတွေက အများဖြင့် export များတယ်။ ပြီး‌တော့ အလုပ်ရှာတဲ့သူ များတဲ့အတွက် အေးဂျင့်တွေက မက်လုံးပေးပြီး ဆွယ်တာပေါ့နော်။ ဒီအလုပ်ရရင်တော့ လစာဘယ်လောက်ရမယ်။ ဒါပေမယ့် သူတို့ကိုတော့ ဘယ်လောက်ပဲပေးရမယ် ဆိုပြီးတော့ပေါ့” ဟု ပြော သည်။

အေဂျင်စီ ၁၀ ခုတွင် ၇ ခုသည် အလိမ်များဖြစ်သည့်အတွက် သတိထားရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အလိမ်ခံရမှုများအား UAE နိုင်ငံရှိ အလုပ်သမားရေးရာဝန်ကြီးဌာနသို့ တိုင်ကြားမည်ဆိုပါက သက်သေများ အတိ အကျ လိုအပ်ကြောင်း၊ ထိုသို့ တိုင်ကြားပါက သေချာစုံစမ်း အရေးယူပေးကြောင်း သိရသည်။

UAE နိုင်ငံသည် ဗီဇာဝယ်ယူရ လွယ်ကူသဖြင့် အခြားနိုင်ငံများထက် အဝင်/အထွက် လွယ်ကူကြောင်း၊ ထိုသို့ လွယ်ကူခြင်း ကြောင့်လည်း မြန်မာနိုင်ငံသား အများအပြား လာရောက်ကြခြင်းဖြစ်ကြောင်း၊ UAE နိုင်ငံသို့ လာရောက် အလုပ်လုပ် ကိုင် မည်ဆိုပါက အင်္ဂလိပ်စာ ပြောတတ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ ပြောနိုင်မှုပေါ် မူတည်၍ အလုပ်ရနိုင်ခြေများကြောင်း သိရ သည်။

လက်ရှိ လာရောက်ကြသူများသည် ၃ လ ဗီဇာဝယ်ယူပြီး အလုပ်လာရှာကြသူက အများစုဖြစ်ကြောင်း၊ ထိုသူများသည် အလုပ် ရရှိမှုများကြောင်း UAE နိုင်ငံရောက် မဟေမာန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

UAE နိုင်ငံက သန့်ရှင်းရေးဝန်ထမ်းကိုတွေ့ရစဉ်

မဟေမာန်စိုးက “ဘာဖြစ်လို့လဲဆိုတော့ ဒီ ၃ လ ဗီဇာနဲ့ လာတဲ့ သူတွေကကျတော့ ကိုယ်တိုင်ကလေ အဆက်အသွယ်မရှိ၊ အေးဂျင့်ကို အားကိုးပြီး လာတာမဟုတ်ဘဲနဲ့ ကိုယ့်ဟာနဲ့ကိုယ် ဗီဇာဝယ်၊ ဝယ်ပြီးတော့ ဒီကိုလာ အခန်းတွေ ဘာတွေငှားနေ၊ ပြီးတော့ application တို့ ဘာတို့တွေကနေ အလုပ်တွေလျှောက် အင်တာဗျူးတွေဝင်တော့ တော်တော်များများ အလုပ်ရသွား ကြတာ များတယ်။

အဓိကက အစ်မ suggestion ပေးချင်တာက အေးဂျင့်တွေနဲ့ ဒီစက်ရုံမှာ ဒီလောက်ရမယ်ဆိုပြီး လာမယ့် အစားပေါ့၊ ကိုယ့်ကိုယ်ကို confidence ရှိတယ်၊ ယုံကြည်မှုရှိတယ်၊ ငါအင်္ဂလိပ်လိုလည်း ပြောနိုင်ဆိုနိုင်တယ်၊ အလုပ်ကိုလည်း ငါကောင်းကောင်း လုပ်ပြနိုင်တယ်ဆိုရင်တော့ ကိုယ့်ဗီဇာနဲ့ ကိုယ်ဝယ်၊ ပြီးရင် အခန်းတွေ ဘာတွေ ငှားနေတာက အေးဂျင့်ကို ပေးရတာထက် နည်းပြီးတော့ ကိုယ့်ဘာသာလာရတဲ့အတွက် လူတွေက effort လုပ်ကြတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကိုယ့် ဗီဇာနဲ့ကိုယ်လာပြီးတော့ လျှောက်ကြတာက ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

UAE နိုင်ငံသည် မိသားစုတစ်စု၌ လူဦးရေး အများအပြားရှိသည့်အတွက် စင်ကာပူ၊ ဂျပန် နိုင်ငံတို့ကဲ့သို့ အိမ်အလုပ်လုပ်ရန် လာရောက်မည်ဆိုပါက အလုပ်အင်အား နှစ်ဆခန့် လုပ်ဆောင်ရမည်ဖြစ်ရာ အဆင်မပြေကြောင်း သိရသည်။

လက်ရှိတွင် UAE နိုင်ငံသည် ခရီးသွားလုပ်ငန်း အဓိကထား အခြေစိုက် လုပ်ကိုင်နေခြင်းကြောင့် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း တို့သည် တခြားသော အလုပ်များထက် အလုပ်ရနိုင်မည့် အခွင့်အလမ်းပိုများကြောင်း သိရသည်။