CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲသည့်လမ်းကြောင်းနှင့် ဂိတ်ရင်း ဂိတ်ဖျား မတူသည့် YBS ယာဉ်လိုင်း ၁၅ လိုင်းအား ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်မည့် (၇၅) ကြိမ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် လိုင်းနံပါတ် ပြောင်းလဲ သတ်မှတ်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ YRTC ထံမှ သိရသည်။

ယခုလို ပြောင်းလဲ သတ်မှတ်ပေးခြင်းသည် ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးလျန်ကျင့်မန်က CNI သတင်းဌာနသို့ ပြောသည်။

“နံပါတ်တစ်ခုတည်းနဲ့ ယာဉ်လိုင်း ၅ နေရာကို သွားတဲ့ အဲလိုမျိုး ကွဲပြားနေတာ ရှိတယ်။ ဥပမာပြောပြလို့ရှိရင် YBS ၃၇ ဆိုရင် ၅ လိုင်းလောက် ထောက်ကြန့် - ဆူးလေ သွားတဲ့ သပ်သပ်ရှိတယ်။ ဝါယာလက် - ဆူးလေ - ခြောက်ထပ်ရုံး၊ မှောင်ဘီ(TU) မှ ဆူးလေ - ခြောက်ထပ်ရုံး၊ ဥက္ကံ - ဆူးလေ - ခြောက်ထပ်ရုံး၊ လှည်းကူး - ဆူးလေ - ခြောက်ထပ်ရုံး အဲလိုမျိုး နံပါတ် ၃၇ တစ်ခုတည်းကနေပြီးတော့ ၅ နေရာလောက် ဖြစ်နေတယ်။ အဲဒါကြောင့် ခရီးသွားပြည်သူများအတွက် အဆင်မပြေဘူး မှားစီးနိုင်တယ်။

ဒီနံပါတ် စီးပေမယ့် သူသွားလိုတဲ့ ခရီးကို မရောက်ဘဲနဲ့ ထပ်ဆင့်ပြီးတော့ ပြောင်းစီးရတာတွေ ဘာတွေ ရှိတယ်။ အကုန်အကျလည်း များတယ်။ အဲလိုမျိုး အဆင်မပြေမှုလေးတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ခရီးသွားပြည်သူများ လွယ်လင့်တကူနဲ့ သွားလိုတဲ့ ခရီးကို နံပါတ်မှားစီးတာတို့ မဖြစ်အောင် သွားလိုတဲ့ နံပါတ်နဲ့ သွားလိုတဲ့နေရာ တည့်တည့်မတ်မတ် ဒီနံပါတ် တစ်ခုတည်း စီးတာနဲ့ အဆင်ပြေအောင်လို့ ကျနော်တို့ ပြောင်းပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို စီးနင်းသည့် ခရီးသည်များအနေဖြင့် မှတ်မိနေပြီဖြစ်ခြင်းကြောင့် ပြောင်းလဲသတ်မှတ်မည့် ယာဉ်လိုင်းနံပါတ်များနှင့် ပြေးဆွဲမည့် လမ်းကြောင်းများကို ခရီးသည်များနှင့် အများ ပြည်သူများ သိရှိစေရန်အတွက် ကြော်ငြာမှုများကို လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဦးလျန်ကျင့်မန်က ဆက်ပြောသည်။

“MRTV တို့ ကျနော်တို့ သတင်းစာတွေမှာလည်း သတင်းထုတ်ပြန်ထားပါတယ်။ နောက် ယာဉ်လိုင်းတွေ ကနေပြီးတော့ သူတို့ ယာဉ်ပေါ်မှာလည်း ကြော်ငြာမှာ ဖြစ်ပါတယ်။ သူတို့ဂိတ်တွေမှာ အဲဒီဟာတွေနဲ့ ပတ်သက် ပြီးတော့ ကြော်ငြာလုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။

YBS ယာဉ်လိုင်းပေါင်း ၁၀၃ လိုင်းရှိပြီး လတ်တလောတွင် ယာဉ်လိုင်းပေါင်း ၉၈ လိုင်း၊ ယာဉ်အစီးရေ ၂၈၂၆ စီးဖြင့် ခရီးသည် ၅၁၇၂၀၀ ကျော် နေ့စဉ်လိုက်ပါ စီးနင်းနေကြောင်း သိရသည်။

ယင်းသို့ ယာဉ်လိုင်း ၁၅ လိုင်းကို နံပါတ်ပြောင်းလဲ သတ်မှတ်မည်ဖြစ်ခြင်းကြောင်း ယာဉ်လိုင်းအရေအတွက် အားဖြင့် ၁၂၆ လိုင်းဖြစ်သွားမည့်အပြင် ထပ်တိုး ပြေးဆွဲလမ်းကြောင်းအသစ်အဖြစ် ယာဉ်လိုင်းနံပါတ် ၁၂၇ ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီထံမှ သိရသည်။

ယာဉ်လိုင်း နံပါတ် ၁၂၇ သည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ - ဘုရင့်နောင်လမ်း - လေးထောင့်ကန် - အမှတ်(၂)လမ်း - တောင်/မြောက်လမ်းဆုံ - ရာဇာဓိရာဇ်လမ်း - ဘုန်းကြီးကျောင်းကွေ့ - မင်းရဲကျော်စွာလမ်း - စိတ်ကျန်းမာရေးဆေးရုံ - အမှတ် (၇) လမ်း - မစိုထိပ် - အမှတ် (၂) လမ်း - လေးထောင့်ကန် - ဘုရင့်နောင်လမ်း - မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်)ခရီးစဉ်အနေဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။