CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
လက်ရှိ ပြည်တွင်းပြောင်းဆံကို အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများ၏ ဝယ်လိုအားကြောင့် ပြောင်းဈေးနှုန်း မြင့်တက်နေသော်လည်း စိုက်ပျိုးသည့် ပြောင်းတောင်သူများအတွက် အကျိုးအမြတ် နည်းနေသေးကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ပြောင်းဝယ်လိုအားကြောင့် ပြည်တွင်း ပြောင်းဈေးနှုန်းသည် ပြီးခဲ့သည့်လတွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိမှာတော့ တစ်ပိဿာ ၁၆၅၀ ကျပ် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
သို့သော် ပြောင်းစိုက်ပျိုးရာတွင် ယခုနှစ်သည် ကုန်ကျစရိတ် များနေခြင်းကြောင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိမှု နည်းပါးနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ပြောင်းဖူးကို နေလှန်းနေစဉ်
၎င်းက “၁၆၅၀ လောက် ရှိတယ်လေ။ ဒါပေမယ့် ၁ ပိဿာ ၁၆၅၀ ဆိုတော့ ၁ အိတ်ဈေးနှုန်းဆိုရင် ၅ သောင်း ကျော်ကျော်လောက် ရှိမယ်။ ဆန်ကွဲဈေးတို့နဲ့ အဲဒီလို ယှဉ်မယ်ဆိုရင်တောင်မှ ပြောင်းဈေးက အနည်းငယ် နိမ့်နေ သေးတယ်လို့တောင် ပြောလို့ရတယ်။ ၁ ဧက ပြောင်းစိုက်တဲ့ ကုန်ကျစရိတ်ကလည်း ဒီနှစ်က ဧရာဝတီဆို ၁၈ သိန်းလောက် ရှိတယ်။ တောင်ပေါ်မှာဆိုရင် ၁၂ သိန်းလောက် ရှိပြီးတော့ မိုးပြောင်းစိုက်တဲ့ တချို့နေရာတွေဆိုရင် ၁၄ သိန်းနဲ့ ၁၅ သိန်းကြားမှာ ရှိတယ်။ ဧရာဝတီဆိုရင် ၁၆ နဲ့ ၁၈ လောက်သွားတယ် ဒီနှစ်ရဲ့ ကုန်ကျစရိတ်ကလေ။ ၁ ဧက ထွက်တဲ့ အထွက်နှုန်းနဲ့ ပြန်ရတဲ့ဟာနဲ့ ချိန်လိုက်မယ်ဆိုရင် ၁ ဧကကို တင်း ၁၀၀ လောက် ထွက်မယ်ဆိုရင် တောင်မှ ၁ ပိဿာကို ၁၆၀၀ ဆိုတော့ ၃ သောင်းကျော်ဆိုတော့ သိန်း ၃၀ လောက်ရှိတယ်ဆိုရင် ၁ ဧကကို ၁၀ သိန်းဝန်းကျင်၊ ၁၀ သိန်းကျော်ကျော်လောက်ပဲ တောင်သူက ကျန်တယ်ပေါ့နော် ၁ ရာသီလုံးကို” ဟု ပြောသည်။
ပြည်တွင်း ပြောင်းဈေးနှုန်းသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် တစ်ပိဿာ ၁၃၅၀ ကျပ် ဖြစ်ပေါ်နေပြီး နိုဝင်ဘာလ၌ ၁၅၀၀ ကျပ်သို့ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိ ဒီဇင်ဘာလတွင် ၁၆၅၀ ကျပ်သို့ ထပ်မံမြင့်တက်ခဲ့ သည်။
လက်ရှိကာလသည် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့် ကာလမဟုတ်သော်လည်း ပင်လယ် ရေကြောင်းဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့နေကြောင်း၊ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့် ကာလ ရောက်ရှိချိန်တွင် တင်ပို့ရန်အတွက် ပြောင်းကုန်သည်များက ဝယ်ယူစုဆောင်းမှုများလည်း ရှိနေသည်။
မြန်မာ့ပြောင်းကို တွေ့ရစဉ်
လာမည့် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိသည် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့် ကာလဖြစ်ကြောင်း၊ ထိုကာလတွင် ပြောင်းဈေးနှုန်းသည် ထပ်မံမြင့်တက်မည် ဖြစ်သည်ဟု ပြောင်းကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်တမ်းကလေ ဈေးက အရမ်းကောင်းလားဆိုတော့ ကောင်းတယ်လို့တောင် ပြောလို့မရဘူး။ ပြောင်းစိုက်တဲ့ ၁ ဧက ကုန်ကျစရိတ်နဲ့ ပြောင်း ၁ ဧက အထွက်နှုန်းပေါ့နော် အခုလောလောဆယ် ဈေးနဲ့ဆိုရင် တောင်သူက သိပ်အများကြီး အကျိုးအမြတ် ရှိတယ်လို့တောင် မပါသေးပါဘူး။ တကယ်တမ်း နိုင်ငံခြားငွေလဲနှုန်း ရယ်၊ ထိုင်းဈေး ပေးမယ်ဆိုရင် ပြောင်းဈေးက လက်ရှိ ဈေးထက်တောင်မှ ၁ ပိဿာကို ၁၀၀၊ ၂၀၀ လောက် ထပ်ပြီး တက်ကောင်း တက်နိုင်တယ်ပေါ့နော်။ အဲဒီလောက်မှပဲ တောင်သူဘက်က သင့်တင့်မျှတတဲ့ ဈေးပေါ့နော်” ဟု ပြောသည်။
ပြည်တွင်း ပြောင်းဈေးနှုန်း မြင့်တက်ခြင်းသည် ပြောင်းစိုက်တောင်သူများအတွက် အကျိုးအမြတ်ရှိသော်လည်း ပြည်တွင်း အစာစက်ရုံများအတွက် အခက်အခဲ ဖြစ်နိုင်ခြင်းကြောင့် အလွန်အကျွံ ဈေးနှုန်း မတက်ရန်လည်း လိုအပ်သည်ဟု ပြောင်းလုပ်ငန်းရှင်များက ထောက်ပြကြသည်။