CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆

အိန္ဒိယ၏ ဆန်မူဝါဒ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်အပေါ် သက်ရောက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်က ပြည်ပသို့ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ဆန်ဖြူတင်ပို့မှုအား ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခဲ့သော်လည်း လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ခွင့် အလုံးစုံကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။

အိန္ဒိယက ဆန်ဖြူရောင်းဈေးကို ၁ တန်လျင် အမေရိကန်ဒေါ်လာ ၄၉၀ ဖြင့် ရောင်းချခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာ ၄၃၀ ကျော်ဖြင့်သာ ရောင်းချလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း G to G စနစ်ဖြင့် ဆန်တန်ချိန် ၁ သိန်းကို ရောင်းချ ထားခြင်းကြောင့် လက်ရှိတွင် အိန္ဒိယ၏ ဆန်မူဝါဒကြောင့် မြန်မာ့ဆန်ဈေးကွက်ကို သက်ရောက်မှု မရှိခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်ဆိုင်ကို တွေ့ရစဉ်

၎င်းက “အိန္ဒိယကတော့ သူတို့ ဈေးနည်းနည်းလေး သူတို့ ပြန်ရောင်းတာ ဈေးနည်းနည်းလေး ချရောင်းမယ်လို့ ကြားတယ်။ ကမ္ဘာ့ဈေးကွက် ကျရင်တော့ Export ဆန်တွေ ကျမှာပေါ့လေ။ Export ဆန်ကျရင်တော့ ပြည်တွင်း စားဆန်တွေပါ ကျနိုင်ပါတယ်။ နောက် ငွေလဲနှုန်းရဲ့ ပေါ်လစီလည်း ကြည့်ရတာပေါ့။ ပြည်ပဆန်ကတော့ အခု ဒီနှစ် ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျနော်တို့က G to G တန် ၁ သိန်း ရောင်းထားတော့လေ အခု ဒီ တန် ၁ သိန်း ထွက်တာနဲ့ ကျနော်တို့တွေက ဒီလောက်ကြီး မထိခိုက်သေးဘူး ဈေးကွက်ကို။ အဲဒီအတွက် နွေစပါး မထွက်ခင် အထိတော့ သူ့ဟာနဲ့သူ ဈေးကွက် သွားနေတယ်ပေါ့။ နောက်ပြီး ဒီနှစ်ပို့တဲ့ ဆန်ကလည်း ပို့တာလည်း ခါတိုင်းနှစ် တွေ လောက်ပါပဲ။ ပို့အားက သိပ်မကျဘူး” ဟု ပြောသည်။

အိန္ဒိယ၏ ဆန်မူဝါဒ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်ပဆန်ဈေးနှုန်းများ ကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

ထို့ကြောင့် ဆန်တင်ပို့မှုနှင့် ပတ်သက်၍ သင့်လျော်သည့် ပို့ကုန်မူဝါဒများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်သည်။

ဆန်တင်ပို့ရန် ပြင်ဆင်နေစဉ်

အစိုးရအနေဖြင့်လည်း အစိုးရအချင်းချင်း ချိတ်ဆက်၍ ဆန်ဝယ်ယူရောင်းချမှုများကို ဆောင်ရွက်ပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းပေးရန် လိုအပ်သည်ဟု ဆန်ကုန်သည် ဦးသန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရမ်းကြီး မထိခိုက်ပါဘူး အခုလက်ရှိပေါ့နော်။ ဒါပေမယ့် နောက် ၁ လ၊ ၂ မှာတော့ ပြောလို့မရသေးဘူး။ နောက်ပိုင်းကျရင်တော့ ကျနော်တို့က ထပ်ရောင်းထားတာ မရှိရင်၊ သင်္ဘော မတင်နိုင်ဘူးဆိုရင် ဈေးကွက်က နည်းနည်း အေးသွားနိုင်တယ်။ အခုဆိုလည်း G to G ရောင်းတာလေ ဘင်္ဂလားဒေ့ရှ်ကို၊ အဲဒီလိုမျိုးတွေ ရောင်းပေး ထားရင်တော့ သူ့ဟာသူ ဈေးကွက်လေး ထွက်နေတယ်။ ဈေးထိန်းထားတာပေါ့။ ကျနော်တို့က ဈေးအရမ်းတက် လို့လည်း မရဘူး၊ ဈေးအရမ်းကျလို့လည်း မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှု နည်းပါးသော အာဖရိကနိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်း နိုင်ငံအချို့သို့သော်လည်းကောင်း၊ ဆန်ဝယ်ယူမှုများသည့် တူရကီနှင့် ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့လည်းကောင်း ဈေးကွက်ချဲ့ထွင်ရန် ဈေးကွက်လေ့လာသူများက အကြံပြုထားသည်။

၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၈ တွင်ရှိနေပြီး ဆန်တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ခဲ့ကြောင်း သိရသည်။